International News

ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၌ ပြည်တွင်းဓာတ်ငွေ့ထောက်ပံ့မှုလျော့နည်းလာနိုင်သည့်အပေါ် စွမ်းအင် မူဝါဒနှင့် စီမံကိန်းရုံးက သတိပေးပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံ၌ ယခုနှစ် နွေရာသီအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု မြင့်တက်လာချိန်တွင် စွမ်းအင်ထုတ်လွှတ်ရေးအတွက် ပြည်တွင်းဓာတ်ငွေ့ထောက်ပံ့မှု မလုံလောက်နိုင်ကြောင်း စွမ်းအင်မူဝါဒနှင့် စီမံကိန်းရုံးက ပြောကြားခဲ့သည်။

ထိုင်းပင်လယ်ကွေ့အတွင်းရှိ အီရာဝမ် (Erawan) ဓာတ်ငွေ့တွင်းမှ ဓာတ်ငွေ့ထုတ်လုပ်မှုသည် ၂၀၁၈ ခုနှစ်မှစ၍ ကျဆင်းလာခဲ့ပြီး ဧပြီလအတွင်း ၂ ဆ ထွက်ရှိရန် ချိန်ညှိထားသော်လည်း အလွန် ပူပြင်းသည့် ရာသီ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်နှင့်နှိုင်းယှဉ်ပါက နည်းပါးပါကြောင်း၊ ရာသီဥတု အခြေအနေသည် အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် ဖြစ်ကြောင်း၊ ယခင်နှစ်ထက် မိုးရွာသွန်းမှု လျော့နည်းနိုင်သဖြင့် အပူချိန်သည် စံချိန်သစ်တင်နိုင်ကြောင်း၊ မြင့်တက်လာသည့် စွမ်းအင်လိုလား ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် Liquefied Petroleum Gas (LNG) ပိုမိုတင်သွင်းရန် လိုအပ်လာမည်ဖြစ်ကြောင်း၊ ဓာတ်ငွေ့၏ ၆၀ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် လောင်စာအဖြစ် အသုံးပြုရပါကြောင်း၊  ဓာတ်ငွေ့၏ ၅၇ ရာခိုင်နှုန်းသည် နိုင်ငံတွင်းရင်းမြစ်မှလည်းကောင်း၊ ၃၁ ရာခိုင် နှုန်းသည် တင်သွင်းလာသည့် LNG မှလည်းကောင်း၊ ၁၂ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ လည်းကောင်း ရရှိပါကြောင်း စွမ်းအင်မူဝါဒနှင့် စီမံကိန်းရုံး ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Veerapat Kiatfuengfoo က ဖြည့်စွက်ပြောကြားခဲ့သည်။

တင်သွင်းလာသော ဓာတ်ငွေ့နှင့် LNG ဈေးနှုန်းများသည် ပြည်တွင်း၌ထုတ်လုပ်သည်ထက် ဈေးနှုန်းမြင့်မားပါကြောင်း၊ LNG များများသုံးလေလေ လျှပ်စစ်ဓာတ်အားခ ဈေးကြီးလေလေ ဖြစ် ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း LNG တင်သွင်းမှုသည် တန်ချိန် ၆ သန်းထိ ရောက်ရှိခဲ့ပါကြောင်း၊ ယခုနှစ် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မြင့်မားချိန်သည် နိုင်ငံ၏ စွမ်းအင်ထုတ်လွှတ်မှုသည် လျော့ကျချိန်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၂၁၀၊ ၁၇၀ gigawatts-hour (GWh)၊ စွမ်းအင်သုံးစွဲမှုသည် ၂,၀၆၃ kilo barrels of oil equivalent per day (KBOED)၊ သဘာဝဓာတ်ငွေ့သုံးစွဲမှုသည် ၈၅၉ KBOED၊ ဆီသုံးစွဲမှုသည် ၈၃၇ KBOED နှင့် ကျောက်မီးသွေးသုံးစွဲမှုသည် ၂၉၆ KBOED အသီးသီး မြင့်တက်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။

မြင့်တက်လာမှုများသည် GDP တိုးတက်မှုနှုန်း ၂.၂ ရာခိုင်နှုန်းမှ ၃.၂ ရာခိုင်နှုန်းအကြား၊ ဒူဘိုင်း ရေနံစိမ်း ရည်ညွှန်းဈေးနှုန်း ၁ စည်လျှင် အမေရိကန်ဒေါ်လာ ၈၀-၉၀ ကြားနှင့် ငွေလဲလှယ်နှုန်း ၁ ဒေါ်လာ လျှင် ၃၄.၃ ဘတ်မှ ၃၅.၃ ဘတ်တို့အပေါ် အခြေခံ၍ ခန့်မှန်းထားခြင်းဖြစ်ကြောင်း၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အချိုးကို ၅၀ ရာခိုင်နှုန်းသို့ တိုးတက်နိုင်မည့် နိုင်ငံစွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (၂၀၂၄-၂၀၃၇)နှင့်စပ်လျဉ်း၍ ပြည်သူများ၏ အသံကို နားထောင်သွားမည်ဖြစ်ကြောင်း၊ ဟိုက်ဒရိုဂျင် နှင့် နူးကလီးယားလောင်စာကို အစားထိုးစွမ်းအင်အဖြစ် အသုံးပြုနိုင်ရန် သဘောတူညီမှု ရှိ-မရှိ မေးမြန်း သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်များကြောင့် မိုးခေါင်မှုနှင့်  အလွန်ပူပြင်းသော ရာသီဥတုတို့သည် ထိုင်းနိုင်ငံတွင် ကြုံတွေ့နေရသော ဖြစ်စဉ်များဖြစ်ပါသည်။ ရာသီဥတုပူပြင်းလွန်းသဖြင့် အပူလျော့ပါး သက်သာစေရန် လေအေးပေးစက်များ၊ ပန်ကာများ အသုံးပြုမှုမြင့်တက်လာသောကြောင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုလည်း မြင့်တက်လာလျက်ရှိပါသည်။ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ရာတွင် အသုံးပြုသော ဓာတ်ငွေ့ကို ပြည်တွင်း၌ ထုတ်လုပ်ခြင်းဖြင့်လည်းကောင်း၊ ပြည်ပမှ တင်သွင်းခြင်းဖြင့် လည်း ကောင်း ဆောင်ရွက်လျက်ရှိရာ ပြည်တွင်းမှ ထုတ်လွှတ်မှုသည် ကျဆင်းလျက်ရှိသဖြင့် ပြည်ပပိုမို ဝယ်ယူတင်သွင်းနိုင်ကြောင်း သုံးသပ်ရပါသည်။

 

 

 

Source: www.bangkokpost.com

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

 

Category: International News