International News

ဂျာမနီနိုင်ငံတွင် အိမ်ရာအသစ်များဆောက်လုပ်မှုအလွန်အမင်းကျဆင်း

Last Updated:

လာမည့်နှစ်များတွင် ဥရောပဒေသတစ်ခွင်၌ နေအိမ်များဆောက်လုပ်မှု နည်းပါးလာလိမ့်မည်ဟု မြူးနစ်ရှိifo Institute မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉  ရက်က ထုတ်ဝေခဲ့သည့် လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားပါသည်။

ဂျာမနီတွင် ၂၀၂၃ ခုနှစ်အတွင်း အိမ်ရာသစ်ဆောက်လုပ်မှု ၃၂ ရာခိုင်နှုန်းခန့် ကျဆင်းသွားဖွယ်ရှိကြောင်း အစီရင်ခံစာကဆိုထားပါသည်။ ၎င်းမှာ အိမ်ရာသစ်ဆောက်လုပ်မှု ၃၉ ရာခိုင်နှုန်းခန့် ကျဆင်းဖွယ်ရှိသော ဆွီဒင်နိုင်ငံနှင့် ၃၃ ရာခိုင်နှုန်းခန့် ကျဆင်းဖွယ်ရှိသော ဒိန်းမတ်နိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက ထိပ်ပိုင်းသို့ရောက်နေသေးကြောင်း လွတ်လပ်သော ဆောက်လုပ်ရေးစျေးကွက် ခန့်မှန်းချက်ကွန်ရက်ဖြစ်သည့် Euroconstructမှ ပြုလုပ်သော သုတေသနအရ သိရှိရပါသည်။

လေ့လာတွေ့ရှိမှုအရ လာမည့် ၂၀၂၅ ခုနှစ်တွင် အိမ်ခြေ ၂၀၀,၀၀၀ ခန့် ဆောက်လုပ်ပြီးစီးမည် ဟုခန့်မှန်းထားရာ အိမ်ခြေ ၂၉၅,၀၀၀ ပြီးစီးခဲ့သော ယမန်နှစ်နှင့် နှိုင်းယှဉ်ပါ‌က ပြီးစီးမှု ကျဆင်းနေသဖြင့် အိမ်ရာဈေးနှုန်းများ မြင့်တက်လာနိုင်သည့်ဘက်သို့ ဦးတည်နေပေသည်။

သို့ရာတွင် လူနေအိမ်ရာများ ဆောက်လုပ်ရန် မျှော်မှန်းထားသည့် နိုင်ငံများလည်းရှိနေရာ အိုင်ယာလန်တွင် ၁၇ ရာခိုင်နှုန်း၊ ပေါ်တူဂီတွင် ၁၅ ရာခိုင်နှုန်းနှင့် စပိန်တွင် ၁၂ ရာခိုင်နှုန်း အသီးသီး တိုးလာနိုင်ဖွယ်ရှိပါသည်။

နေအိမ်အသစ်ဆောက်လုပ်မှုကျဆင်းရခြင်း၏ အကြောင်းရင်းများတွင် မကြာသေးမီက အတိုးနှုန်းများမြင့်တက်လာမှု၊ ဆောက်လုပ်ရေးအတွက် ကုန်ကျစရိတ်များမြင့်တက်လာမှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ဝယ်ယူသူများအကြား မသေချာမရေရာမှုများ ပါဝင်နေပါသည်။

လာမည့် ၂၀၂၅ ခုနှစ်တွင် ဥရောပနိုင်ငံ (၁၉) နိုင်ငံ၌ အိမ်ခြေစုစုပေါင်း (၁.၅၈) သန်းခန့် ဆောက်လုပ်ပြီးစီးလိမ့်မည်ဟု လေ့လာမှုတစ်ခုတွင် ခန့်မှန်းထားရာ ယင်းပြီးစီးမှုမှာ ၂၀၂၂ ခုနှစ် နှင့်နှိုင်းယှဉ်ပါက ၁၄ ရာခိုင်နှုန်းခန့် လျော့နည်း နေမည်ဖြစ်ပါသည်။

သို့သော် ဥရောပရှိ အိမ်ရာပိုင်ဆိုင်လိုသူအများအပြားသည် နှစ်ပေါင်းများစွာ အိမ်ရာဈေးကြီးမြင့်ခဲ့ပြီးနောက် လက်ရှိကာလတွင် ဈေးနှုန်းများ အနည်းငယ်ကျဆင်းနေစေကာမူ ၎င်းတို့အနေဖြင့် အိမ်ရာဈေးကွက်သို့ ဝင်ရောက်ရန် မတတ်နိုင်ခဲ့ပေ။ ဂျာမနီနှင့် ဥရောပရှိ မြို့အများအပြားတွင် လူအများ လက်လှမ်းမီနိုင်သည့် အိမ်ရာများ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရပေသည်။

EU က ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများသည် ဒုတိယသုံးလပတ် အထိ (၃)လပတ် နှစ်ကြိမ်ဆက်တိုက် ဈေးနှုန်းများကျဆင်းခဲ့ခြင်းကိုပြသခဲ့သည်။ ခြုံငုံပြောရလျှင် ခြောက်လတာ ကာလအတွင်း အညွှန်းကိန်းသည် ၂.၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး၊ ယင်းသို့ကျဆင်းမှုသည် အိမ်ရာအသစ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လိုသည့်ကိစ္စအပေါ် စိတ်ဝင်စားမှု လျော့သွားစေခဲ့သည်။

အိမ်ခြံမြေဈေးနှုန်းများ၏ ကာလလတ် ဖွံ့ဖြိုးတိုးတက်မှုနှင့်စပ်လျဉ်းသည့် မသေချာမရေရာမှုများသည် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် အလားအလာရှိသော ဝယ်ယူသူများအကြား ကန့်သတ်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေခဲ့သည်ဟု ifo မှ  ဆောက်လုပ်ရေးကျွမ်းကျင် ပညာရှင် Ludwig Dorffmeister က ပြောကြားခဲ့သည်။

ကုန်ကျစရိတ်များ မြင့်မားလာခြင်းကြောင့် ပုဂ္ဂလိကဆောက်လုပ်ရေးကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှုများ လျော့နည်းသွားသဖြင့် လစ်လပ်သွားသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် လူအများဝယ်ယူနိုင်သော အိမ်ရာများဆောက်လုပ်ရာ၌ အများပိုင်ဘဏ္ဍာရန်ပုံငွေများ ပိုမိုသုံးစွဲရန် ဂျာမနီနိုင်ငံရှိ Macroeconomic Policy Institute (IMK) က ထောက်ခံအဆိုပြုခဲ့ပါသည်။

 

 

Source:   https://www.dw.com/en/germany-new-housing-construction-set-to-strongly-decline/a-66290243

( စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: International News