International News

ထိုင်းနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးက တန်ဖိုးမြင့် သစ်သီးဝလံများအတွက် အာမခံထုတ်ပေး ရန် အာမခံကော်မရှင်ရုံး (the Office of Insurance Commission –OIC) ကို အကြံပြုထား

Last Updated:

ထိုင်းနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Arkhom Termpittayapaisith က အာမခံ ကော်မရှင်ရုံးကို ဒူးရင်းသီး၊ သရက်သီး၊ လိမ္မော်သီးနှင့် ငှက်ပျောသီးကဲ့သို့သော တန်ဖိုးမြင့်သစ်သီးဝလံများအတွက် အာမခံထုတ်ပေးနိုင်ရေးထည့်သွင်းစဉ်းစားရန် အကြံပြုလိုကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးခြင်းဖြင့် စိုက်ပျိုးသူတောင်သူများ၏ ယုံကြည်မှုကိုမြှင့်တင်ရာရောက်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင် “The Role of Insurance Business in Promoting Sustainable Social and Economic Growth” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် CEO Insurance Forum 2023 ၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားပါသည်။

လက်ရှိ အာမခံမူဝါဒများသည် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသည့် ဒူးရင်းပင် များ သို့မဟုတ် အခြားသော စီးပွားဖြစ် သစ်သီးဝလံအပင်များပေါ်တွင်သာ လွှမ်းခြုံပါကြောင်း၊  သစ်သီးစိုက်ပျိုးသူများသည် သဘာဝဘေးဒဏ်များကို အာမခံထားရာတွင် လက်ရှိအသီးအနှံများအတွက်လည်း လွှမ်းခြုံစေလိုကြကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားပါသည်။

ထို့ကြောင့် အာမခံကော်မရှင်ရုံးအနေဖြင့် အန္တရာယ်အဆင့်အလိုက် အာမခံပရီမီယံကို တွက် ချက်ရသည့် မူဝါဒမျိုးကို စဉ်းစားစေလိုကြောင်း၊ သို့မှသာသစ်သီးစိုက်ပျိုးသူများအတွက် တန်ဖိုးမြင့် သစ်သီးဝလံများ စိုက်ပျိုးထုတ်လုပ်ရန် ယုံကြည်မှုကိုရရှိစေမည်ဖြစ်ကြောင်း၊ EV များအတွက် အာမခံမူဝါဒများကို လေ့လာကြည့်ပါက EV များသည် ပြင်ဆင်စရိတ်မြင့်မားသဖြင့် ၎င်းအတွက် အာမခံပရီမီယံသည်လည်း မြင့်မားပါကြောင်း အကြံပြုပါသည်။

ထို့ပြင် နိုင်ငံ၏ အခြေခံအဆောက်အဦတည်ဆောက်ရေးကဏ္ဍ၏ လက်ရှိမူဝါဒများကို ကြည့်မည်ဆိုပါကလည်း အာမခံသည် စီမံကိန်းတည်ဆောက်နေစဉ်ကာလကိုသာပေးထားပါကြောင်း၊ စီမံကိန်းပြီးစီးသွားသည့်ကာလများသည် အကျုံးမဝင်ကြောင်း၊ ထို့ကြောင့် ယင်းမူဝါဒများကိုလည်း ပြန်လည်ရေးဆွဲစေရေး စဉ်းစားစေလိုကြောင်း၊ နိုင်ငံ၏ အာမခံဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် အကောင်အထည်ဖော်မှုသည် အစိုးရနှင့် ပုဂ္ဂလိကတို့က အာရုံစိုက်လျက်ရှိသည့် SDG နှင့်လည်း ကိုက်ညီရန်လိုကြောင်း Mr. Arkhom က ဖြည့်စွက်ပြောကြားပါသည်။

 

 

Source:www.bangkok post. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: International News