International News

ဗီယက်နမ်နိုင်ငံမှ ငှက်သိုက်များကို တရုတ်နိုင်ငံသို့ ပထမအကြိမ်အဖြစ် တင်ပို့မည်

Last Updated:

တရုတ်နိုင်ငံ၏ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC) သည် ဗီယက်နမ်ကုမ္ပဏီတစ်ခုကို တရုတ်နိုင်ငံသို့ ငှက်သိုက်များတင်ပို့ရန် တရားဝင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဗီယက်နမ်စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (Ministry of Agriculture and Rural Development -MARD) မှ မကြာသေးမီက ကြေညာခဲ့ကြောင်း သိရှိရပါသည်။

MARD ၏ တိရစ္ဆာန်ကျန်းမာရေးဌာန၏ အဆိုအရ ဗီယက်နမ်ကုမ္ပဏီ (၄၅) ခုသည် တရုတ်နိုင်ငံသို့ ငှက်သိုက်တင်ပို့ရန် မှတ်ပုံတင်ထားပြီး တရုတ်နိုင်ငံ၏ စစ်ဆေးရေးနှင့် အပင်ပိုးမွှားကင်းရှင်းရေးလိုအပ်ချက်များနှင့် ပြည့်စုံစေရန်အတွက် ဌာနမှ လမ်းညွှန်ချက်များပေးထားကြောင်း သိရှိရပါသည်။

အဆိုပါ ကုမ္ပဏီများအနက် ကုမ္ပဏီ (၉) ခုသည် ပို့ကုန်မှတ်ပုံတင်ခြင်းဆိုင်ရာ စာရွက်စာတမ်းများအပြည့်အစုံဖြင့် GACC သို့တင်ပြခဲ့ရာ အဆိုပါလုပ်ငန်း (၉) ခုအနက်မှ (၅) ခုကို GACC က အွန်လိုင်းမှ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး Avanest Vietnam Nutrition JSC ကို ယခုနှစ် အောက်တိုဘာလ (၂၀) ရက်နေ့မှစတင်ကာ တရုတ်နိုင်ငံသို့ ငှက်သိုက်နှင့် အသင့်စားငှက်သိုက် ထုတ်ကုန်များ တင်ပို့ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

GACC သည် အခြားဗီယက်နမ်ကုမ္ပဏီများ၏ စာရွက်စာတမ်းများကို ပြန်လည်သုံးသပ်နေပြီး ရလဒ်များကို ဆက်လက်ကြေညာပေးမည်ဖြစ်ကြောင်း၊ MARD နှင့် GACC တို့သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဗီယက်နမ်မှ တရုတ်နိုင်ငံသို့ တင်ပို့သည့် ငှက်သိုက်အတွက် ရောဂါစစ်ဆေးခြင်းနှင့် တိရစ္ဆာန်ပိုးမွှားကင်းရှင်းခြင်း လိုအပ်ချက်ဆိုင်ရာ protocol ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက်တွင် MARD နှင့် ၎င်းအောက်ရှိ တိရစ္ဆာန်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ အဆိုပါ protocol အကောင်အထည်ဖော်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့သည်ဟု ဗီယက်နမ်စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Phung Duc Tien က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံတစ်ဝန်းတွင် ငှက်သိုက်လုပ်ငန်းများ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သိသိသာသာ မြင့်တက်လာခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့် မြို့ကြီး (၆၃) ခုအနက် (၄၂) ခုတွင် ငှက်သိုက်လုပ်ငန်းများ တည်ထောင်ခဲ့ကြောင်း MARD ၏ အချက်အလက်များအရ သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံသည် ယခင်နှစ်တွင် ငှက်သိုက်ခြံ (၂၃,၆၆၅) ခြံရှိကြောင်းသိရှိရပြီး ၂၀၁၇ ခုနှစ် ကိန်း ဂဏန်းနှင့် နှိုင်းယှဉ်ပါက သုံးဆမြင့်တက်လာခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံတောင်ပိုင်း Kien Giang ပြည်နယ်၊ တောင်-အလယ်ပိုင်း Khanh Hoa ပြည်နယ်နှင့် Central Highlands ရှိ Lam Dong ခရိုင်တို့၌ ငှက်သိုက်ခြံများ သိသိသာသာ တိုးလာခဲ့ကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံတစ်ဝန်းရှိ ငှက်သိုက်ခြံများသည် တစ်နှစ်လျှင် ငှက်သိုက်စုစုပေါင်း မက်ထရစ်တန် (၂၀၀) ခန့်ထွက်ရှိကာ အမေရိကန်ဒေါ်လာသန်း (၂၀၀) ခန့် တန်ဖိုးရှိကြောင်း သိရှိရပါသည်။

 

 

Source: https://tuoitrenews.vn/news/business/20231111/vietnam-to-ship-1st-batch-of-birds-nests-to-china-next-week/76677.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News