Local News

ယခုဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလထိ နိုင်ငံပေါင်း ၄၀ ကျော်သို့ ရေထွက်ကုန်ပစ္စည်းများတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၇၅ သန်းရရှိခဲ့

Last Updated:

ယခုဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလထိ နိုင်ငံပေါင်း ၄၀ ကျော်သို့ ‌ရေထွက်ကုန်ပစ္စည်းများ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၇၅ သန်း ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန (နေပြည်တော်) ညွှန်ကြားရေးမှူး ဦးညွှန့်ဝင်းက ပြောပြ၍ သိရသည်။

ယခုဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလထိ နိုင်ငံပေါင်း ၄၀ ကျော်သို့ ရေထွက်ကုန်ပစ္စည်းများ တန်ချိန် ၂၄၁၀၀၀ ကျော်တင်ပို့ခဲ့ကြောင်း၊ ရေထွက်ကုန်ပစ္စည်းများကို ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်ပို့နေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် လေကြောင်းမှ ရေထွက်ကုန်ပစ္စည်းတန်ချိန် ၁၂၀၀၀၀ တင်ပို့ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ ရေထွက်ကုန်ပစ္စည်းတန်ချိန် ၁၂၁၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံက ရေထွက်ကုန်ပစ္စည်းတွေကို ပုံမှန်ကုန်သွယ်ရေး(Normal Trade) နဲ့ နယ်စပ်ကုန်သွယ်ရေး( Border Trade) လမ်းကြောင်းတွေကနေတစ်ဆင့် ပြည်ပနိုင်ငံတွေကို တင်ပို့နေပြီး သက်ဆိုင်ရာနိုင်ငံတွေက သတ်မှတ်ထားတဲ့စည်းကမ်းချက်တွေနဲ့အညီ ရောဂါပိုးမွှားတွေ ကင်းရှင်းစေဖို့၊ ပြည်တွင်းက ရေထွက်ကုန်ပစ္စည်းထုတ်လုပ်တင်ပို့မှု လုပ်ငန်းစဉ်တွေကို စနစ်တကျ စီစဉ်ဆောင်ရွက်နေပါတယ်”ဟု ညွှန်ကြားရေးမှုး ဦးညွှန့်ဝင်းက ပြောပြသည်။

မြန်မာ့ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့် ဥရောပနိုင်ငံများအပါအဝင် ရေခြားမြေခြား နိုင်ငံတချို့ကို တင်ပို့နေပြီး တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ငါး၊ ပုစွန်၊ ကဏန်းစသည့် ရေထွက်ကုန်များ ပုံမှန်တင်ပို့လျက်ရှိကြောင်း သိရသည်။

ရေထွက်ကုန်တင်ပို့ရာတွင် ပုံမှန်တင်ပို့မှုများ စဉ်ဆက်မပြတ်ရှိစေရေးနှင့် ဈေးကွက်အနေအထားပေါ်မူတည်ကာ ပို့ကုန်မလျော့ကျစေရေး ဝယ်ယူနေသည့်နိုင်ငံ တစ်နိုင်ငံချင်းစီ၏ လိုအပ်ချက်များပြည့်မီရေးကို ဌာနနှင့် ပို့ကုန်လုပ်ငန်းရှင်များ ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News