International News

အယ်လ်နီနို (El Nino) ကြောင့် ထိုင်းနိုင်ငံအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုတွင် သက်ရောက်မှုရှိစေနိုင်

Last Updated:

အယ်လ်နီနိုသည် ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ပိုမိုပြင်းထန်လာဖွယ်ရှိပြီး ထိုင်းနိုင်ငံ အတွင်းရှိ လယ်ယာစီးပွားရေး၊ အစားအစာနှင့် ရေစီမံခန့်ခွဲမှုကဏ္ဍများရှိ ရင်းနှီးမြှုပ်နှံမှုများကို သက်ရောက်မှုရှိလာနိုင်ကြောင်း၊ သဘာဝရာသီဥတုဖြစ်စဉ်များကြောင့် ပစိဖိတ်ဒေသတွင် အပူပိုင်းမုန်တိုင်းများကိုဖြစ်စေပြီး အမေရိကအပိုင်းများတွင် ရေကြီးရေလျှံမှုများဖြစ်စေပါကြောင်း၊ ယင်းကြောင့် အပူချိန်လွန်ကဲမှုများဖြစ်စေပြီး ကမ္ဘာ့စီးပွားရေးကိုများစွာထိခိုက်ပါကြောင်း လေ့လာ သုံးသပ်သူများက မှတ်ချက်ပြုပါသည်။

ထိုင်းနိုင်ငံ မိုးလေဝသဦးစီးဌာနက ယခုနှစ်အတွင်းတွင် မိုးရွာသွန်းမှုသည် ယခင်ကထက်နည်းလာသဖြင့် ရေပြတ်လပ်မှုဖြစ်စေပါကြောင်း၊ အနောက်ပစိဖိတ်ကျွန်းဆွယ်များတွင် ဖြစ်ပွားလျက်ရှိသော ရေခမ်းခြောက်မှုများ၏ သက်ရောက်မှုကို ခံစားရဖွယ်ရှိကြောင်း၊ ရေသတ္တဝါများ လျော့နည်းလာမှုကြောင့် ကမ္ဘာ့လူဦးရေအတွက် အစားအစာထုတ်လုပ်ရာတွင် တိုက်ရိုက်သာမက သွယ်ဝိုက်သောနည်းဖြင့်ပါ ထိခိုက်နိုင်ကြောင်း၊ စက်မှုလုပ်ငန်းများအတွက် ရေသုံးစွဲမှုတွင်လည်း သက်ရောက်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ချက်တွင် ဖြည့်စွက်ထားပါသည်။

The Joint Standing Committee on Commerce, Industry and Banking (JSCCIB) က အယ်နီနိုကြောင့် ထိုင်းနိုင်ငံ၏ စီးပွားရေးတွင် ဘတ် ၃၆ ဘီလီယံ ပိုမိုကုန်ကျနိုင်ကြောင်း ခန့်မှန်းထားပါသည်။

Bualuang Securities (BLS) သုတေသနက အယ်လ်နီနိုသည် ပိုမိုပြင်းထန်လာပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမြင့်ဆုံးတွင်ရှိနိုင်ကြောင်း၊ အာရှ၏ အပိုင်းတော်တော်များများတွင် ရေခမ်းခြောက်မှုဖြစ်လာနိုင်ကြောင်း၊ ကြံနှင့် ပဲပုတ်စိုက်ပျိုးမှု၊ သကြားထုတ်လုပ်မှုတွင် သက်ရောက်မှုရှိနိုင်ကြောင်း၊ အယ်လ်နီနိုကြောင့် သကြားထုတ်လုပ်မှု ကျဆင်းသွားသဖြင့် ကမ္ဘာ့သကြားဈေးကွက်တွင် ဈေးနှုန်းခုန်တက်သွားနိုင်ကြောင်း၊ တိရစ္ဆာန်အစာဈေးနှုန်းများကြောင့် မွေးမြူရေးတွင်လည်း သက်ရောက်နိုင်ကြောင်း၊ တူနာထုတ်လုပ်မှုတွင်လည်း အနုတ်လက္ခဏာပြနိုင်ကြောင်း၊ ရာသီဥတု ပူလေလေ ဈေးကွက်သို့ ဖြန့်ဖြူးနိုင်မှု နည်းလေလေဖြစ်ကြောင်း BLS ၏ အစီရင်ခံတွင် ဖော်ပြထားပါသည်။

DBS Vickers Securities (Thailand) က မိုးနည်းပါက လယ်ယာထွက်ကုန်များ အထွက်နှုန်း နည်းသဖြင့် ဈေးနှုန်းမြင့်မားပါကြောင်း၊ ထွက်ကုန်နည်းလျှင် ပို့ကုန်တွင်လည်း သက်ရောက်နိုင်ကြောင်း၊ သို့သော် လျှပ်စစ်ပန်ကာ၊ လေအေးပေးစက်၊ အသီးဖျော်ရည်နှင့် အဖျော်ယမကာ ထုတ်လုပ်သူများတွင် အကျိုးရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

 

 

Source: www.bangkokpost.gov   

 (စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News