International News

ထိုင်းနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ဆန်အမျိုးအစားသစ် ၃၀ မျိုးကို မိတ်ဆက်သွားမည်ဖြစ်

Last Updated:

ထိုင်းနိုင်ငံသည် ၎င်း၏ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းအားကို မြှင့်တင်ရာတွင် ဈေးကွက်ဝယ်လိုအားနှင့် ကိုက်ညီမည့် ဆန်အမျိုးအစားအသစ်များ ထုတ်လုပ်နိုင်ရန်နှင့် ယင်းဆန်အမျိုးအစားသစ် ၃၀ မျိုးကို လာမည့်နှစ်တွင် မိတ်ဆက်သွားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Jurin Laksanawisit က ပြောကြားလိုက်ပါသည်။

ဆက်လက်ပြီး ဝန်ကြီးက ထိုင်းနိုင်ငံ၏ အဓိကအားနည်းချက်မှာ ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရာတွင် ထုတ်ကုန်အမယ်ကွဲပြားမှုမရှိခြင်းဖြစ်ကြောင်း၊ ပြိုင်ဘက်များကို ယှဉ်ပြိုင်နိုင်ရန် ဆန်အမျိုးအစားအသစ်များ ထုတ်လုပ်ရန် နှိုးဆော်ထားပါကြောင်း၊ ၂၀၂၀ မှ ၂၀၂၄ ခုနှစ်အတွင်း ဆန်တင်ပို့ရာတွင် ယှဉ်ပြိုင်မှုကို မြှင့်တင်ရန် ရေးဆွဲထားသည့် ၅ နှစ်အစီအစဉ်အရ ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း ဆန်အမျိုးအစားအသစ် အနည်းဆုံး ၁၂ မျိုးကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားပါသည်။

ယင်း ဆန်အသစ် ၁၂ မျိုးမှာ Hard-texture အစေ့အဆန် ၄ မျိုး၊ Soft-texture ၄ မျိုး၊ ထိုင်းရနံ့ပါ ဆန် ၂ မျိုးနှင့် အာဟာရဓာတ်အမြင့်ဆုံးပါ ၂ မျိုးဖြစ်ကြောင်း၊ ယင်းအမျိုးအစားများမှာ ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားမြင့်မားပါကြောင်း၊  ဆန်အမျိုးအစားသစ် ၂၁ မျိုးအနက် ၁၂ မျိုးမှာ ဆန်စပါးဦးစီးဌာန၏ ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း၊ ၂၀၂၄ အတွက် မျှော်မှန်းထားသည့် ရည်မှန်းချက်ကို ပြည့်မီနိုင်မည်ဖြစ်ကြောင်း အသေးစိတ်ကို ရှင်းလင်းပါသည်။

ယခင်နှစ်က ဆန် တန်ချိန် ၇.၇ သန်း တင်ပို့နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် ဆန်အမျိုးအစား များပြားလာပြီဖြစ်သဖြင့် တန်ချိန် ၈ သန်းထိ ပိုမိုတင်ပို့နိုင်ပြီး ဒုတိယဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်နိုင်ကြောင်း၊ ယင်းသည် ပို့ကုန်စွမ်းရည် တိုးတက်လာခြင်းဖြစ်ကြောင်း၊ အစိုးရသစ်အနေဖြင့် ဆန်နှင့်စပ်လျဉ်းသည့် မဟာဗျူဟာများအပေါ် ပိုမိုဦးစားပေးမည်ဟုမျှော်လင့်ပါကြောင်း Mr. Jurin က ဖြည့်စွက်ရှင်းလင်းပါသည်။

ကမ္ဘာလုံးဆိုင်ရာဝယ်လိုအား မြင့်တက်လာခြင်းနှင့် ဗီယက်နမ်ဆန်၏ ယှဉ်ပြိုင်မှုမြင့်တက်လာခြင်းတို့ကြောင့် ယခုနှစ် ဒုတိယနှစ်ဝက်တွင် ထိုင်းဆန်တင်ပို့မှုသည် အရေအတွက်‌ရောတန်ဖိုးပါမြင့်တက်လာမည်ဟု မျှော်လင့်မိပါကြောင်း၊ အယ်လ်နီနိုရာသီဥတုဖြစ်စဉ်များ ရှိသော်လည်း ထိုင်းနိုင်ငံအနေဖြင့် ဆန်လုံလောက်စွာ ထုတ်လုပ်နိုင်သောကြောင့် တိုးမြှင့်တင်ပို့နိုင်သည့် စွမ်းရည်ရှိပါကြောင်း၊ ဗီယက်နမ်နိုင်ငံက ဆန်တန်ချိန် ၇ သန်းခန့်သာ တင်ပို့လေ့ရှိသဖြင့် ထိုင်းအတွက် အခွင့်အလမ်းရှိကြောင်း၊ မိမိတို့အနေဖြင့် မိုးရွာသွန်းမှုအပေါ်တွင်သာ ခန့်မှန်းရခက်နေပါကြောင်း၊ ကနဦးဆန်းစစ်မှုများအရ ယခုနှစ်တွင်လည်း ၂၀၂၂ ခုနှစ်ကဲ့သို့ ဆန်တန်ချိန် ၂၀ သန်း ထုတ်လုပ်ရန်ဖြစ်ကြောင်း ထိုင်း ဆန်ကုန်သည်များအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်သူ Mr. Chookiat Ophaswongse က ဖြည့်စွက်ပြောကြားပါသည်။

 

Source: www.bangkokpost.gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News