International News

ထိုင်းနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများအနက် ဂျပန်နိုင်ငံက ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိ

Last Updated:

ယခုနှစ် ပထမ ၅ လပတ်တွင် ထိုင်းနိုင်ငံအတွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၄၅.၄ ဘီလီယံရှိခဲ့ပြီး ဂျပန်နိုင်ငံစီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးက အများဆုံးဖြင့် ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ထိပ်ဆုံးတွင်ရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ  ၅  နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု တန်ဖိုးများမှာ ဂျပန်နိုင်ငံ (ဘတ် ၁၅.၉ ဘီလီယံ)၊ တရုတ်နိုင်ငံ (ဘတ် ၁၁.၅ ဘီလီယံ)၊ စင်ကာပူနိုင်ငံ (ဘတ် ၆.၃၅ ဘီလီယံ)၊ ဟောင်ကောင် (ဘတ် ၂.၉၉ ဘီလီယံ) နှင့် အမေရိကန်နိုင်ငံ (ဘတ် ၂.၄၅ ဘီလီယံ) စသည်ဖြင့် အသီးသီးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအလုပ်သမား ၂,၉၉၉ ဦးအတွက် အလုပ်အကိုင် ဖန်တီးပေးပါကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာကို ကိုးကား၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Thosapone Dansupu-tra က ပြောကြားခဲ့ပါသည်။

လုပ်ငန်းအများစု၏ ခွင့်ပြုချက်လိုင်စင်များသည် နိုင်ငံ၏ယှဉ်ပြိုင်မှုကို တိုးမြှင့်စေရန် ရည်ရွယ်ထားသည့် နိုင်ငံ၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးမူဝါဒများနှင့် ကိုက်ညီပါကြောင်း၊ ယင်းလုပ်ငန်းများတွင် ထိုင်းပင်လယ်ကွေ့တွင် ရေနံတူးဖော်ရေး၏ ဒီဇိုင်း၊ ပစ္စည်းဝယ်ယူရေး၊ တပ်ဆင်ရေး၊ စမ်းသပ်ရေး၊ ရထားလမ်းစီမံချက်များ စီမံခန့်ခွဲမှုအတွက် တည်ဆောက်ရေး၊ တပ်ဆင်ရေးနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများနှင့် ဓာတ်ငွေ့ထိန်းချုပ်ရေးစခန်းများတွင် စမ်းသပ်သည့်ဝန်ဆောင်မှုများ၊ ကုန်းတွင်းသဘာဝ ဓာတ်ငွေ့ပို့ဆောင်ရေးစနစ်များ၊ e-commerce ဝန်ဆောင်မှုများနှင့် နိုင်ငံတကာစီးပွားရေးစင်တာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ပါဝင်ပါကြောင်း ၎င်းက ဖြည့်စွက်ရှင်းလင်းပါသည်။

ထိုင်းနိုင်ငံ ECC ဧရိယာတွင်လည်း ဂျပန် (ဘတ် ၃.၂၆ ဘီလီယံ) ၊ တရုတ် (ဘတ် ၇၅၂ သန်း) ၊ ဟောင်ကောင် (ဘတ် ၂.၉၂ ဘီလီယံ) နှင့် အခြားနိုင်ငံများ (ဘတ် ၂.၅၀ ဘီလီယံ) မှ ရင်းနှီးမြှုပ်နှံသူ စုစုပေါင်း ၄၈ ဦးမှ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၉.၄၄ ဘီလီယံ ရင်းနှီးမြှုပ်နှံထားကြောင်း Mr. Thosa-pone ၏ ပြောကြားချက်အရ သိရှိရပါသည်။

 

 

Source: www.bangkokpost.gov   

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News