International News

ထိုင်းနိုင်ငံ၌ လျှပ်စစ်မော်တော်ယာဉ် (Electric Vehicle-EV) ထုတ်လုပ်မှုကဏ္ဍတွင် ကျွမ်းကျင်ပညာ ရှင်နှင့် ကျွမ်းကျင်လုပ်သား ပြတ်လပ်မှုကြုံတွေ့နေရ

Last Updated:

ထိုင်းနိုင်ငံအတွင်း၌ လျှပ်စစ်မော်တော်ကား (Electric Vehicle –EV) တိုးတက်မှုနှင့် ဆက်စပ် စက်မှုလုပ်ငန်းများကို အားဖြည့်ရန်အတွက် လိုအပ်သော EV ပညာရှင်နှင့် ကျွမ်းကျင်လုပ်သား ပြတ်လပ်မှု ကြုံတွေ့နေရကြောင်း၊ နေရာလစ်လပ်မှု ၅၃,၀၀၀ ကျော်ရှိနေပါကြောင်း ထိုင်းလျှပ်စစ်မော်တော် ယာဉ်အသင်းက ထုတ်ဖော်ပြောကြားခဲ့ပါသည်။

လစ်လပ်နေရာ ၄၄,၄၉၂ နေရာအတွက် သက်မွေးပညာကျောင်းများမှ သင်တန်းဆင်းများဖြစ်ရန်လိုကြောင်း၊ ကျန်နေရာများအတွက် ရိုးရိုးဘွဲ့၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့များကိုလည်း ခန့်အပ်နိုင်ပါကြောင်း၊ EV နယ်ပယ်တွင် Software၊ စက်ပစ္စည်းသိပ္ပံ၊ အသုံးပြုသူနှင့်ဆိုင်၍ အတွေ့အကြုံ စသည် တို့တွင် ကျွမ်းကျင်ရန်လိုအပ်ကြောင်း၊ မော်တော်ယာဉ်စက်မှုသည် အတွင်းပိုင်း အင်ဂျင်လောင်ကျွမ်းမှုမှ လျှပ်စစ်ရွေ့လျားမှုပုံစံသို့ တိုးတက်ပြောင်းလဲလာခြင်းဖြစ်ကြောင်း၊ မောင်းနှင်သူများ၏ လိုအပ်ချက်အရ EV ဘတ္တရီများအဖြစ် အလျင်အမြန်တိုးတက်လာပါကြောင်း၊ ကျွမ်းကျင်ပညာရှင်နှင့်လုပ်သား အရေအတွက်မှာမူ နည်းပါးလာပါကြောင်း အသင်း၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Uthane Supatti က ပြောကြားခဲ့ပါသည်။

EV ဘတ္တရီပိုင်းကျွမ်းကျင်မှု၊ ဒီဂျစ်တယ် နည်းပညာနှင့် Hardware နှင့် Software တည်ဆောက်မှုပိုင်းနှင့်စပ်လျဉ်းသည့် ဘွဲ့ရကျောင်းသားကျောင်းသူများ လိုအပ်လျက်ရှိသော EV နှင့် ဆက်စပ်စက်မှုနယ်ပယ်အတွက် ထိုင်းနိုင်ငံပညာရေးစနစ်သည် ကိုက်ညီမှုမရှိသေးပါကြောင်း၊  တက္ကသိုလ်အများအပြားသည်လည်း အဆိုပါနယ်ပယ်တွင်ဆောင်ရွက်နိုင်မည့် သင်ကြားမှုအစီအစဉ်များကို ကြိုးပမ်းလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

နိုင်ငံခြား တက္ကသိုလ်များ၊ အစိုးရအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်၍ အရည်အချင်းနှင့် ဗဟုသုတများမျှဝေနိုင်မည့် သင်တန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုင်းစာသင်ကျောင်း များသည် ကျောင်းသားများကို သင်တန်းပို့ချနိုင်ရေး အလျင်အမြန် ဆောင်ရွက်နိုင်သော်လည်း EV နည်းပညာတွင် ကျွမ်းကျင်သူနည်းပါးနေသေးပါကြောင်း၊ ဗဟုသုတအပြန်အလှန်မျှဝေနိုင်ရေး စီမံချက်များအတွက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း Kin Mongkut’s University of Technology Thonburi ၏ လက်ထောက်ပါမောက္ခ Mr. Kitchanon Ruangjirakit က ဖြည့်စွက်ပြောကြားပါသည်။

ထိုင်းလျှပ်စစ်မော်တော် ယာဉ်အသင်းသည် ပြင်သစ်အခြေစိုက် 3D ထုတ်ကုန်ဒီဇိုင်း Software နှင့် ထုတ်လုပ်မှုတွင် ကျွမ်းကျင်သော Dassault Systemesနှင့် ပူးပေါင်း၍ EV နည်းပညာဆိုင်ရာ သင်ရိုးညွှန်းတမ်းသစ်ကို ရေးဆွဲလျက်ရှိကြောင်း ကုမ္ပဏီ၏ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Benjamin Tan က ရှင်းလင်းပြောကြားခဲ့ပါသည်။

 

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News