International News

ရုရှားလေကြောင်းလိုင်း Aeroflot သည် ဟိုချီမင်းသို့ ဇန်နဝါရီတွင် တိုက်ရိုက်ပျံသန်းမှု ပြန်လည်စတင်မည်

Last Updated:

ရုရှားနိုင်ငံ၏ အထင်ကရလေကြောင်းလိုင်းဖြစ်သည့် Aeroflot သည် လာမည့်နှစ် ဇန်နဝါရီလ ၃၁ ရက်တွင် မော်စကိုနှင့် ဟိုချီမင်းမြို့ကြား တိုက်ရိုက်ပျံသန်းမှုပြန်လည်စတင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ထိုင်ခုံ ၃၆၈ ခုံပါဝင်သည့် ဘိုးရင်း ၇၇၇ ဖြင့် အပတ်စဉ်နှစ်ကြိမ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းပေးမည်ဖြစ်ကြောင်း ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပြီး ပျံသန်းရန်ကြာချိန် ကိုးနာရီနှင့် တစ်ဆယ့်ငါးမိနစ်ခန့် ကြာမည်ဖြစ်ကြောင်းသိရပါသည်။

ဗီယက်နမ် မြို့ပြလေကြောင်းအာဏာပိုင်မှ Aeroflot ကို ဒီဇင်ဘာလ အစောပိုင်းတွင် ဟိုချီမင်းသို့ တိုက်ရိုက်ပြေးဆွဲရန်နှင့် ဟနွိုင်းသို့ ပျံသန်းမည့် ခရီးစဉ်များကိုလည်း ပြန်လည်စတင် ခွင့်ပြုခဲ့ပါသည်။ လေယာဉ်ပြေးဆွဲမှုများသည် ရုရှားနှင့် ယူကရိန်းကြားစစ်ပွဲကြောင့် ပြီးခဲ့သောနှစ်မတ်လတွင် ရပ်ဆိုင်းခဲ့ရသည်။ တစ်ချိန်တည်း ရုရှားနိုင်ငံသို့ ပျံသန်းလျက်ရှိသည့် တစ်ခုတည်းသော ဗီယက်နမ်လေကြောင်းလိုင်းသည် ၎င်း၏ မော်စကိုသို့ ပျံသန်းသည့် ဝန်ဆောင်မှုကို ရပ်ဆိုင်းခဲ့သည်။

လွန်ခဲ့သည့် နှစ်နှစ်နီးပါးမှစတင်၍ ဗီယက်နမ်နှင့် ရုရှားကြားခရီးသည်များသည် နှစ်နိုင်ငံကြား တိုက်ရိုက်ပျံသန်းမှု နည်းပါးခြင်းကြောင့် Emirates လေကြောင်းလိုင်း၊ Qatar Airways နှင့် Turkish လေကြောင်းလိုင်းတို့မှ ပြေးဆွဲသည့် လေကြောင်းခရီးစဉ်များနှင့် ချိတ်ဆက်မှုများ ပြုလုပ်ခဲ့ရသည်။ သို့ရာတွင် အဆိုပါ လေကြောင်းလိုင်းများသည် အရှေ့အလယ်ပိုင်းတွင် ရပ်နားလေ့ရှိသောကြောင့် အပိုကြာချိန်များ ဖြစ်ပေါ်စေပြီး ခရီးသည်များအတွက် အဆင်မပြေဖြစ်မှုကို ဖြစ်စေခဲ့ကြောင်းဖော်ပြထားသည်။

၂၀၁၉ ခုနှစ် နှောင်းပိုင်းတွင် Covid-19 မဖြစ်ပွားမီ ရုရှားနိုင်ငံသည် ဗီယက်နမ်နိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားများ အများဆုံးလာရောက်သည့် နိုင်ငံ ၁၀ ခုထဲအနက်မှ တစ်ခုဖြစ်သည်။

ဗီယက်နမ်နှင့် ရုရှားကြား တိုက်ရိုက်လေကြောင်းပျံသန်းမှု မရှိခြင်းကြောင့် ယခုနှစ်အတွင်း ရုရှားနိုင်ငံမှ လာရောက်သူဦးရေ သိသိသာသာ လျော့ကျသွားခဲ့ပြီး ယခုအချိန်အထိ ရုရှားနိုင်ငံမှ ရောက်ရှိလာသူ ၉၇၀၀၀ သာရှိပြီး ယင်းသည် COVID-19 မတိုင်မီ အရေအတွက်၏ ငါးပုံတစ်ပုံ ဖြစ်ကြောင်းသိရပါသည်။ အဆိုပါ ခရီးသွားအများစုသည် သတ်မှတ်ထားသော စီးပွားဖြစ်လေယာဉ်များထက် စင်းလုံးငှားလေယာဉ်ဖြင့် လာရောက်ကြောင်း ဖော်ပြထားပါသည်။ ခရီးသွားရောက်ရှိမှု ကျဆင်းရခြင်းမှာ လေကြောင်းလိုင်းများမှ ပျံသန်းပြေးဆွဲမှုဆိုင်ရာ ချိတ်ဆက်မှုများ ပြုလုပ်ရန် လိုအပ်ခြင်းနှင့် ခရီးသွားကြာမြင့်ချိန် တိုးလာမှုကြောင့် ဖြစ်ပြီး ယခုကဲ့သို့ တိုက်ရိုက်လေကြောင်း ပြန်လည်ပြေးဆွဲခြင်းဖြင့် ရရှားနိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

 

 

Sources: VN Express

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News