Local News

ဆိပ်ဖြူကြက်သွန်နီ၏ ဒီဇင်ဘာလ(ဒုတိယပတ်)တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းဈေးကွက်နှင့်စီးဆင်းမှု

Last Updated:

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်) တွင် ပင်စိုက် (ငွေကြက်သွန်နီ) ရာသီကုန်ဆုံးချိန်ဖြစ်၍  ကြက်သွန်နီကုန်စည်ဒိုင်သို့ ကုန်ဝင်ပိဿာချိန်လျော့နည်းသွားကြောင်း၊ (၁)ရက်လျှင် ကုန်ချိန်ပိဿာ(၂၀၀၀၀)ပိဿာခန့်၊ တစ်ပတ်အတွင်း ပိဿာ(၁)သိန်းခွဲခန့်ဝင်ရောက်ကြောင်း၊ ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းမှုအနေဖြင့် ကြက်သွန်နီပိဿာ(၃) သိန်းခန့်စီးဆင်းကြောင်း ဈေးကွက်မှသိရှိရသည်။

ဆိပ်ဖြူကြက်သွန်နီသည် ဈေးကွက်အနေဖြင့် ဒီဇင်ဘာလ(ဒုတိယပတ်)အစောပိုင်းတွင်  အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၉၃၅)၊ အနိမ့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၈၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒီဇင်ဘာလလယ်ပိုင်းတွင် အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၉၀၀)၊ အနိမ့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ (ဒုတိယပတ်) နှောင်းပိုင်းတွင် အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၃၅၀၀)၊ အနိမ့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၇၀၀) ဈေးနှုန်းဖြင့် အသီးသီးဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။ ယခင်ဒီဇင်ဘာလ (ပထမပတ်)အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၂၉၅၀)၊ ယခုဒီဇင်ဘာလ (ဒုတိယပတ်)တွင် အမြင့်ဈေး ကျပ်(၃၅၀၀)ဖြစ်၍ ကျပ်(၅၅၀)ဈေးတက်ပြီး အလတ်စနှင့်အသေးစတို့မှာ ကျပ်(၁၀၀)ခန့်ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုအပတ်တွင် မိုးကြက်သွန်နီ(ဥ)စိုက်အသစ်တစ်ပိဿာလျှင် ကျပ်(၂၂၀၀မှ ၁၆၀၀)ဈေးနှုန်းဖြင့် ကုန်စည်ဒိုင်ဈေးကွက်သို့ ကုန်ချိန်အနည်းငယ်စတင်ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရသည်။

ယခု ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ကုန်စည်စီးဆင်းမှုအနေဖြင့် ပြည်တွင်း ရန်ကုန်ဘုရင့်နောင် (ကုန်စည်ဒိုင်)နှင့် ပြည်မြို့သို့ ကုန်ချိန်အများဆုံးစီးဆင်းပြီး ပြည်ပသို့တင်ပို့မှုနည်းကြောင်း၊ ဆိပ်ဖြူမြို့မှ ကြက်သွန်နီကုန်ချိန်ပိဿာ (၃)သိန်းခန့်၊ တန်ချိန်(၄၉၀)တန်ခန့်စီးဆင်းကြောင်း ဈေးကွက်မှ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News