International News

မျှော်မှန်းထားသည့် ဂျီဒီပီတိုးတက်မှုနှုန်းအောက်အဆင့်သို့ရောက်ရှိခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးခိုင်မာအားကောင်းနေဆဲဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးပြောကြား

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏စီးပွားရေးသည် မျှော်မှန်းထားသည့် အဆင့်အောက်သို့ ရောက်ရှိခဲ့သော်လည်း စီးပွား ရေးခိုင်မာအားကောင်းနေဆဲဖြစ်ပြီး ပြန်လည်ဦးမော့လာရန် ယုံကြည်ချက် အပြည့်အဝရှိကြောင်း သမ္မတမားကို့စ်၏ စီးပွားရေးအကြံပေးအရာရှိချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်သူ Benjamin E. Diokno မှ ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ပထမ (၉) လတာကာလအတွက် ဂျီဒီပီတိုးတက်မှုနှုန်းမှာ အစိုးရမှ ခန့်မှန်းထားသည့် ၆.၀% မှ ၇.၀% ကြားသို့ မရောက်ရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ ပထမ၊ ဒုတိယနှင့် တတိယ (၃) လပတ်အတွက် ဂျီဒီပီတိုးတက်မှုနှုန်းသည် ၅.၅% ဖြင့် ခိုင်မာအားကောင်းနေဆဲဖြစ်ပါကြောင်း၊ အစိုးရဝင်ငွေတိုးမြင့်ရရှိရေး ပြုပြင်ပြောင်းလဲခြင်း လုပ်ငန်းစဉ်များဆိုင်ရာ အခင်းအကျင်းကောင်းများ ကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်ဦးမော့လာမည့် လမ်းကြောင်းပေါ်တွင် တည်ရှိနေဆဲ ဖြစ်ကြောင်း ၂၂-၁၁-၂၀၂၃ ရက်နေ့က ဘဏ္ဍာရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

ထို့ပြင် ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၃ ခုနှစ်၊ တတိယ (၃) လပတ် ဂျီဒီပီတိုးတက်မှုနှုန်းမှာ ၅.၉ % သို့ ရောက်ရှိခဲ့ပြီး ဒေသတွင်းနိုင်ငံများဖြစ်သော တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှားနှင့် စင်ကာပူတို့ထက်ပိုမိုမြန်ဆန်စွာ မြင့်တက်ခဲ့ပါကြောင်း၊ ထိုသို့ အလျင်မြန်ဆုံး တိုးတက်ခဲ့ရခြင်းမှာ အစိုးရဝင်ငွေပိုမိုတိုးမြင့်ကောက်ခံရရှိခဲ့ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်းအား လျှော့ချနိုင်ခြင်း၊ အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခဲ့ခြင်းစသည့် အချက်များကြောင့်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

ပြင်ပအကြောင်းအရာများနှင့် ပြည်တွင်းရှိ အခက်အခဲများ ရှိနေသော်ငြားလည်း ဖိလစ်ပိုင်နိုင်ငံသည် ဒေသတွင်းနိုင်ငံများအကြားတွင် စီးပွားရေးတိုးတက်မှုနှုန်း ခိုင်မာအားကောင်းနေဆဲနိုင်ငံတစ်ခုအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပါကြောင်း၊ နိုင်ငံတကာ ငွေရေးကြေးရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် ကမ္ဘာ့ဘဏ်မှ ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးသည် အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင်း လျင်မြန်စွာ ကျော်တက်ပြီး တိုးတက်နိုင်ပါကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် ဂျီဒီပီတိုးတက်မှုနှုန်း ၅.၆% ရှိမည်ဟု ခန့်မှန်းထားရှိပါကြောင်း ဖော်ပြပါရှိပါသည်။

ထို့ပြင် ဖိလစ်ပိုင်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် အမြင့်ဆုံးတိုးတက်မှုနှုန်းဖြင့် တိုးတက်နိုင်ပြီး ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် ဂျီဒီပီ ၅.၉% နှင့် ၆.၅% အသီးသီးရှိနိုင်ကြောင်း အာဆီယံ+၃ မက်ခရိုစီးပွားရေးသုတေသနရုံး (ASEAN+3 Macroeconomic Research Office-AMRO) မှ ခန့်မှန်းထားပါသည်။

၂၀၂၃ ခုနှစ်တွင် မျှော်မှန်းထားသည့်အတိုင်း ဂျီဒီပီနှုန်းထား ၆.၀% မှ ၇.၀ % ထိအနိမ့်ဆုံးရရှိရန် ယုံကြည်ပါကြောင်း၊ ၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်ထိ ၆.၅% မှ ၈.၀% ထိ ရရှိရန် မျှော်မှန်းထားကြောင်း ဘဏ္ဍာရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။ သမ္မတမားကို့စ်အစိုးရ လက်ထက်တွင် ဖိလစ်ပိုင်နိုင်ငံ၏ မက်ခရိုစီးပွားရေးတည်ငြိမ်စေရန်နှင့် ငွေကြေးကဏ္ဍ တည်ငြိမ်စေရန်တို့အတွက် ဖိလစ်ပိုင်နိုင်ငံ၏ ပထမဆုံးသော နှစ်လတ်ဘဏ္ဍာရေးမူဘောင် (Medium-Term Fiscal Framework-MTFF) အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။

အဓိကပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များထဲမှ အိမ်ခြံမြေများ တန်ဖိုးသတ်မှတ်ခြင်းနှင့် အကဲဖြတ် ခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ သွယ်ဝိုက်ရရှိသော အစိုးရဝင်ငွေများနှင့် အခွန်ကောက်ခံခြင်းဆိုင် ကြားခံငွေကြေးအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေးနှင့် တန်ဖိုးဖြည့်ခွန် (Value-added Tax-VAT) တို့အား ဒီဂျီတယ်ဝန်ဆောင်မှုပေးနိုင်စေရေးတို့ကို နှစ်လတ်ဘဏ္ဍာရေးမူဘောင် အကောင်အထည် ဖော်ခြင်းအောက်မှ ဆောင်ရွက်ခဲ့ပါသည်။

ဦးစားပေးအနေဖြင့် ဖိလစ်ပိုင်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သတ္ထုတွင်းလုပ်ငန်း၊ လမ်းအသုံးပြုခ၊ တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် အသင့်စားအစားအစာနှင့် အဖျော်ယမကာတို့ အပေါ်တွင် အထူးကုန်စည်ခွန်များ တိုးမြှင့်ကောက်ခံမည့် နည်းလမ်းများရှာဖွေသွားရန် ဘဏ္ဍာရေးဝန်ကြီး ဌာနမှ တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။  တပြိုင်နက်တည်းမှာပင် အခွန်ကောက်ခံမှု စနစ်ထိရောက်မှုနှင့် ညီမျှမှုရှိစေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်အား တိုးမြှင့်လုပ်ဆောင်နိုင်စေရန်တို့အတွက် အဆိုပါ အခွန်ကောက်ခံမည့်နည်းလမ်းများကို အကောင်အထည်ဖော်ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။

သုံးသပ်လေ့လာတင်ပြချက်

ကမ္ဘာ့စီးပွားရေး မသေချာမရေရာ အခြေအနေများရှိနေသည့်ကြားမှ ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေး လုပ်ဆောင်ချက်များကို အကောင်းဆုံးလုပ်ဆောင်လျက်ရှိပါကြောင်း၊ အစိုးရဘဏ္ဍာရေးလိုအပ်ချက် အားဖြည့်တင်းပေးနိုင်ရန် အခွန်ထိရောက်စွာ ကောက်ခံရရှိမည့် နည်းလမ်းများအား ခိုင်မာသော အစိတ်အပိုင်းတစ်ခုအနေဖြင့် ရည်မှန်းချက်ထား အကောင်အထည်ဖော် ဆောင်ရွက်သွားလျက်ရှိပါ ကြောင်း၊ သမ္မတမားကို့စ်လက်ထက်တွင် ယခင်အစိုးရလက်ထက်က ချမှတ်ခဲ့သည့် စီးပွားရေးမူဝါဒ များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပြုပြင်ပြောင်းလဲရေးဆိုင်ရာလုပ်ငန်း စဉ်များအပြင် ဝင်ငွေအဆင့်တိုးမြင့်စေရန်မှာလည်း အဓိကရင်ဆိုင်နေရသည့် အခက်အခဲတစ်ခုဖြစ်နေသည့်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွာရေးနှင့် နိုင်ငံရေးတို့တွင် တည်ငြိမ်သောဝန်းကျင်ကောင်းတစ်ခု ဖန်တီးနိုင်ရန်လည်း တပြိုင်နက် ဆောင်ရွက်လျက်ရှိပါကြောင်း သုံးသပ်လေ့လာတင်ပြအပ်ပါသည်။  

 

 

Source; https://mb.com.ph/2023/11/22/diokno-ph-economy-recovering-strongly

(ကေသွယ်ခိုင်၊စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News