International News

ဖိလစ်ပိုင်သမ္မတမားကို့စ်မှ ဆန်တင်သွင်းမှုအပေါ်ကောက်ခံသည့် အကောက်ခွန်နှုန်းထား လျှော့ချသတ်မှတ်သည့်အမိန့်ကြော်ငြာစာထုတ်ပြန်

Last Updated:

ဖိလစ်ပိုင်သမ္မတမားကို့စ်သည် ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းထားအား ၃၅% မှ ၁၅% ထိလျှော့ချသည့် အမိန့်ကြော်ငြာစာအား ထုတ်ပြန်ကြေညာခဲ့ပါသည်။ သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၆၂ အရ ဆန်အပါအဝင် အမျိုးမျိုးသော ကုန်စည်လိုင်းများ တင်သွင်းခြင်းဆိုင်ရာ အကောက်ခွန်နှုန်းထားများအား လျှော့ချပေးခဲ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင် နိုင်ငံသားများ၏ ဝယ်ယူနိုင်စွမ်းအားအပေါ် အကာအကွယ်ပေးနိုင်ရန်နှင့် ကုန်စည်များရောင်းချမှုအပေါ် ပိုမိုသေချာခိုင်မာမှုရှိစေရန်တို့အတွက်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

အသစ်ထုတ်ပြန်လိုက်သည့် အကောက်ခွန်နှုန်းထားများအရ လုပ်ငန်းရှင်များအနေဖြင့် ကာလလတ်၊ ကာလရှည်စီမံကိန်းများတွင် ကုန်ပစ္စည်းထုတ်လုပ်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းအားတို့ တိုးတက်လာမည်ဖြစ်ပါသည်။ အကောက်ခွန်နှုန်းထား လျှော့ချခြင်းအား ဆက်လက်ထားရှိပေးမည့် ယခုအစီအစဉ်သည် ပြည်တွင်းဈေးနှုန်းများ တည်ငြိမ်မှုရှိစေရန်၊ ငွေကြေးဖောင်းပွမှုနှုန်းအား လျှော့ချပေးနိုင်ရန်၊ ဖိလစ်ပိုင်နိုင်ငံသားများ၏ အကျိုးစီးပွားအားအကာအကွယ်ပေးနိုင်ရန်နှင့် ဝယ်ယူနိုင်စွမ်းအားအပေါ် အကာအကွယ်ပေးနိုင်ရန်တို့အတွက် နိုင်ငံတော်သမ္မတမှ ရည်ရွယ်ပါကြောင်း အမိန့်ကြော်ငြာစာအား သမ္မတကိုယ်စား လက်မှတ်ရေးထိုးထုတ်ပြန်သည့် အမှုဆောင်အတွင်းရေးမှူး Lucas Bersamin မှ ပြောကြားခဲ့ပါသည်။

ယခုထုတ်ပြန်လိုက်သည့် အမိန့်ကြော်ငြာစာအမှတ် ၆၂ တွင် ဆား၊ ကော်ဖီနှင့် ကော်ဖီ အစား ထိုးကုန်စည်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဘရိုကိုလီ၊ မုန်လာဥ၊ ဂေါ်ဖီ၊ ဆလတ်ရွက်၊ ကန်စွန်းဥကဲ့သို့သော ဟင်းသီးဟင်းရွက်များ၊ စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများနှင့် စက်မှုထွက်ကုန်ပစ္စည်းများအပေါ် လက်ရှိကောက်ခံနေသော အခွန်သက်သာခွင့်များ (Most Favored Nations-MFN) နှုန်းထားများအား ၀% မှ ၆၅% အတွင်း ပြင်ဆင်လျှော့ချပေးခြင်းတို့ပါဝင်ပါသည်။ ကုန်သွယ်ဖက်နိုင်ငံတစ်ခုကို ပေးထားသည့်အခွင့်အရေးများကို အခြားသောကုန်သွယ်ဖက်နိုင်ငံများမှလည်း ရရှိသင့်သည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးမူ (Trade Concession) အရ ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း ဖော်ပြပါရှိပါသည်။

ပြောင်းတင်သွင်းမှုအပေါ် ကောက်ခံနေသည့် အကောက်ခွန်နှုန်းထားအား in-quota ၅% out-quota ၁၅% သို့လည်းကောင်း၊ meat of swine အား in-quota ၁၅% out-quota ၂၅% သို့လည်းကောင်း၊ mechanically deboned meat (MDM) of chicken and turkey အား ၅% သို့ လည်းကောင်း အသီးသီးလျှော့ချပေးခဲ့ပါသည်။

ထို့အပြင် Solid Sodium Hydroxide, Zinc Peroxide, Clinical trial kits တို့အပေါ် ၃% နှင့် Coal Briquettes အပေါ် ၀% သို့ ပြင်ဆင်လျှော့ချပေးခဲ့သည့်အပြင် chemical products, textile, machinery and transport equipment စသည့် tariff lines  များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များလည်းပါဝင်ကြောင်း ဖော်ပြပါရှိပါသည်။

အမိန့်ကြော်ငြာစာအမှတ် ၁၂ (၂၀၂၃) အရ ထုတ်ပြန်ခဲ့သည့် e-motorcycles, e-bicycles, hybrid and plug-in electric vehicles, battery, e-buses, e-jeepneys,CKD e-vehicles, nickel metal hybrid accumulators တို့အပေါ် အခွန်နှုန်းထားအား (၀% မှ ၁% သို့) လျှော့ချပေးခဲ့သည့် အကောက်ခွန်နှုန်းထားအား သက်တမ်းထပ်မံတိုးမြှင့်ပေးမည်ဖြစ်ပါသည်။

ယခုထုတ်ပြန်လိုက်သည့် အမိန့်ကြော်ငြာစာအရ အကောက်ခွန်နှုန်းထား လျှော့ချပေးမှု အစီ အစဉ်သည် ၃၁-၁၂-၂၀၂၈ ရက်နေ့အထိ သက်ရောက်စေမည်ဖြစ်ပါသည်။

ဖိလစ်ပိုင်သမ္မတနန်းတော်မှ အကောက်ခွန်နှုန်းလျှော့ချသည့် အမိန့်ကြော်ငြာစာအမှတ် ၆၂ အား ၂၀-၆-၂၀၂၄ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ပြီးနောက် ၁၅ ရက် သို့မဟုတ် ၆-၇-၂၀၂၄ ရက်နေ့တွင် စတင်အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း အမိန့်ကြော်ငြာစာပူးတွဲ၍ တင်ပြအပ်ပါသည်။ Heading No 10.05 Maize (Corn) နှင့် Heading No 10.06 Rice တို့တင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းထား MFN Rate of Duty(%) လျှော့ချ ပေးမှုအစီအစဉ်အား အမိန့်ကြော်ငြာစာအမှတ် ၅၀ ဖြင့် ၂၂-၁၂-၂၀၂၃ ရက်နေ့က တစ်နှစ် သက်တမ်းတိုးပေးခဲ့ပြီး ၃၁-၁၂-၂၀၂၄ ရက်နေ့ထိအကျုံးဝင်ခဲ့ပါသည်။

ယခုထပ်မံ၍ ပူးတွဲအမိန့်ကြော်ငြာစာအမှတ် ၆၂ ပါ  ဆန်နှင့် ပြောင်းအပါအဝင် အမျိုးမျိုးသော ကုန်စည်လိုင်းများအပေါ် အကောက်ခွန်နှုန်းလျှော့ချပေးမှုအား ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးမြင့်ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။

ထိုသို့ ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းထားများ ပြင်ဆင်လျှော့ချသတ်မှတ် ပေးလိုက်ခြင်းအပေါ် ဖိလစ်ပိုင်ဆန်တောင်သူများအုပ်စု (Farmers Group) မှ ကန့်ကွက်မှုများရှိနေပြီး Tariff Commission အနေဖြင့် တောင်သူလယ်သမားများ၏ သဘောထားမှတ်ချက်များ တောင်းခံခြင်း၊ Public hearing ပြုလုပ်ခြင်းမရှိပဲ အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်ခြင်းတို့ကြောင့် ဖြစ်ပါသည်။  

မြန်မာနိုင်ငံကဲ့သို့သော ဖိလစ်ပိုင်နိုင်ငံသို့ ဆန်၊ ပြောင်းတင်သွင်းနေသော အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုအနေဖြင့် ယခုကဲ့သို့ ဖိလစ်ပိုင်အစိုးရမှ အကောက်ခွန်နှုန်း လျှော့ချပေးလိုက်ခြင်းက အခြားသော ဆန်၊ ပြောင်းတင်ပို့နေသည့် အာဆီယံမဟုတ်သည့် နိုင်ငံများနှင့်လည်း ဈေးကွက်ယှဉ်ပြိုင်စွမ်းအား ပိုမိုမြင့်တက်လာနိုင်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။  

 

 

Ref: EO 62 (https://www.officialgazette.gov.ph/downloads/2024/06jun/20240620-EO-62-FRM.pdf

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News