International News

မော်တော်ယာဉ်နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းတင်ပို့မှုမြင့်တက်ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ပို့ကုန်မှာ ၂၀၂၄ ခုနှစ် မေလတွင် ၁၃.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့

Last Updated:

မော်တော်ယာဉ်နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းတင်ပို့မှုမြင့်တက်ခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ပို့ကုန်မှာ ၆ လဆက်တိုက်မြင့်တက်ခဲ့ပါသည်။ အဆိုပါသတင်းတွင် ဂျပန်နိုင်ငံ၏ပို့ကုန်မှာ ယန်း ၈.၂ ထရီလီယံ(အမေရိကန်ဒေါ်လာ ၅၁ ဘီလီယံ)ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၃.၅ ရာခိုင်နှုန်းများပြားခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကနဦးထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏သွင်းကုန်မှာ ယန်း ၉.၄ ထရီလီယံရှိခဲ့ပြီး၊ ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၉.၅ ရာခိုင်နှုန်းများပြားခဲ့ကြောင်းနှင့် ၂ လဆက်တိုက်များပြားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။ မော်တော်ယာဉ်တင်ပို့မှုမှာ ၁၃.၆ ရာခိုင်နှုန်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် စက်ပစ္စည်းများတင်ပို့မှုမှာ ၄၅.၉ ရာခိုင်နှုန်းနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းအပါအဝင် လျှပ်စစ်ပစ္စည်းများတင်ပို့မှုမှာ ၂၄ ရာခိုင်နှုန်းများပြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ရေနံထွက်ပစ္စည်းများတင်သွင်းမှုမှာ ၃၉.၈ ရာခိုင်နှုန်းနှင့် ရေနံစိမ်းတင်သွင်းမှုမှာ ၈.၁ ရာခိုင်နှုန်းများပြားခဲ့ကြောင်း၊ အရေအတွက်အားဖြင့် ကြည့်မည်ဆိုပါက ပို့ကုန်မှာ ၄ လဆက်တိုက်ကျဆင်းခဲ့ပြီး၊ မေလတွင် ၀.၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊အလားတူ သွင်းကုန်အရေအတွက်မှာလည်း ၁.၉ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။ ကုန်စည်ဈေးနှုန်းများမြင့်တက်ခဲ့ခြင်းကြောင့် ပို့ကုန်မှာ တန်ဖိုးအားဖြင့် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါ သည်။

၂၀၂၄ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံ၏ပို့ကုန်မှာ ယန်းငွေတန်ဖိုးအားဖြင့် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၀.၉ ရာခိုင်နှုန်းများပြားခဲ့ကြောင်း၊ ကြေးနီကဲ့သို့သောသတ္တုများ၏ဈေးနှုန်းများမြင့်တက်လာခြင်းနှင့် ယန်းငွေတန်ဖိုးကျဆင်းမှုတို့ကြောင့် ဂျပန်နိုင်ငံ၏သွင်းကုန်တန်ဖိုးမှာ ၆.၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဂျပန်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည့်အချက်အလက်များအရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့မှုမှာ ၂၀၂၄ ခုနှစ် မေလတွင် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၃.၉ ရာခိုင်နှုန်းများပြားခဲ့ပြီး ယန်း ၁.၇ ထရီလီယံရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

Source: The Nikkei Asia (၁၉-၆-၂၀၂၄)  

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News