International News

တရုတ်နိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍသည် ခိုင်မာသော ဥပဒေဆိုင်ရာ ပံ့ပိုးကူညီမှုများ ရရှိနေ

Last Updated:

တရုတ်လွှတ်တော်အမတ်များအနေဖြင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အကာအကွယ်ပေးရေးတို့ကို အထူးအလေးထားသည့်နိုင်ငံ၏ ပထမဆုံး ဥပဒေမူကြမ်းကို ညှိနှိုင်းဆွေးနွေးနေကြကြောင်းသိရှိရပါသည်။ နိုင်ငံစီးပွားရေးပတ်ဝန်းကျင်ကို ကောင်းမွန်အောင် မဟာဗျူဟာမြောက်သော ပြုပြင်ပြောင်းလဲမှုများတွင် ပုဂ္ဂလိကစီးပွားရေးကို ဥပဒေစံနှုန်းများဖြင့် အားကောင်းလာစေရန်အတွက် ရည်မှန်းထားကြောင်းသိရှိရပါသည်။

အဆိုပါ ဥပဒေမူကြမ်းတွင် အခန်း ၉ ခန်းနှင့် ပုဒ်မ ၇၈ ခု ပါရှိကြောင်းသိရှိရပါသည်။ မူကြမ်းတွင် တရားမျှတသောယှဉ်ပြိုင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးဆိုင်ရာဝန်းကျင် တိုးတက်ကောင်းမွန်ရေး၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု အပါအဝင် အဓိက ကဏ္ဍရှစ်ခု ပါဝင်ကြောင်းသိရှိရပါသည်။ ဆက်လက် ဆွေးနွေးဆဲဖြစ်သော အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ (Standing Committee of the National People's Congress) ၏ ထိပ်တန်းဥပဒေပြု လွှတ်တော် အစည်းအဝေးတွင် တင်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

ဥပဒေမူကြမ်းကို အတည်ပြုပြီးပါက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးသော အစီအမံများကို ဥပဒေ စံနှုန်းများဖြင့် မြှင့်တင်ပေးသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။ ယင်းမူကြမ်းသည် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်သာသော ဥပဒေအခြေခံ ပတ်ဝန်းကျင်ကို ဖန်တီးရန် အထောက်အကူ ဖြစ်စေမည်ဟု တရုတ်တရားရေးရာ ဝန်ကြီး He Rong က ပြောခဲ့ကြောင်းသိရှိရပါသည်။

တရားရေးရာ ဝန်ကြီးဌာန (Ministry of Justice) ၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (National Development and Reform Commission) နှင့် အမျိုးသား ပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီ၏ ဥပဒေပြုရေး ကော်မရှင် (Legislative Affairs Commission) တို့မှ ဥပဒေပြုရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ရပ်ကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကျွမ်းကျင်သူများပူးပေါင်း၍ တရားဝင် ဥပဒေမူကြမ်းရေးဆွဲရေးလုပ်ငန်းစဉ်ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

ယခုလအစောပိုင်း၌ ကျင်းပခဲ့သည့် ဗဟိုစီးပွားရေးလုပ်ငန်းဆိုင်ရာ ညီလာခံ (Central Economic Work Conference) အတွင်း ပုဂ္ဂလိကစီးပွားရေးမြှင့်တင်မှုဥပဒေ (private economy promotion law) ထုတ်ပြန်ခြင်းသည် ၂၀၂၅ ခုနှစ်အတွက် အဓိက တာဝန်တစ်ရပ်အဖြစ် ဖော်ပြခဲ့ပါသည်။

စီးပွားရေးပတ်ဝန်းကျင်ကိုမြှင့်တင်ရန်နှင့် ပုဂ္ဂလိကကဏ္ဍမှ စွန့်ဦးတီထွင်သူများအတွက် အခွင့်အလမ်းများ ပိုမိုပေးဆောင်နိုင်ခြင်းသည် အရေးကြီးကြောင်း၊ ယင်းသည် စီးပွားရေးတိုးတက်မှုကို တည် ငြိမ်စေပြီး တည်ငြိမ်သောအလုပ်အကိုင်ရရှိစေရေးအတွက် အဓိကအခန်းကဏ္ဍ၌ ပါဝင်ပါကြောင်း တရုတ်မက်ခရိုစီးပွားရေး သုတေသနအကယ်ဒမီ (China Academy of Macroeconomic Research) ၏ သုတေသီ Bi Jiyao က ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန်၊ သာတူညီမျှသော စျေးကွက်ရရှိရေးကို မြှင့်တင်ရန်နှင့် ဌာနများနှင့် ဒေသအသီးသီး၏ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုအားကောင်းလာစေရန် အာရုံ စိုက် ကြိုးပမ်းခဲ့ကြောင်းသိရှိရပါသည်။ ယခုနှစ်အစမှ စတင်၍ ပုဂ္ဂလိကစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ၎င်း၏ ဥပဒေမူဘောင်များကို စဉ်ဆက်မပြတ် ပြန်လည်ပြင်ဆင်ခဲ့ကြောင်းသိရှိရပါသည်။ တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက အဆိုပါ မူဝါဒ ပြုပြင်ပြောင်းလဲမှုများသည် သိသာသောရလဒ်များ ထွက်ပေါ်လာကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းများ၏ ခံနိုင်ရည်အားကို အားကောင်းစေကြောင်းနှင့် စျေးကွက် ပြန်လည် နာလန်ထူလာရေးအတွက် သိသာထင်ရှားသော လမ်းကြောင်းပေါ်သို့ မြှင့်တင်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလကုန် အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိက လုပ်ငန်းစုစုပေါင်း ၅၅ သန်းကျော်ရှိပြီး လုပ်ငန်းအားလုံး၏ ၉၂ ဒသမ ၃ ရာခိုင်နှုန်းရှိကြောင်း State Administration for Market Regulation ၏ အချက်အလက်များအရ သိရပါသည်။ ယခုနှစ် ပထမ သုံးလပတ်တွင် နိုင်ငံတဝှမ်း၌ ပုဂ္ဂလိက လုပ်ငန်းပေါင်း ၆ ဒသမ ၁၉ သန်း မှတ်ပုံတင်ခဲ့ကြောင်း သိရပါသည်။

ပုဂ္ဂလိက လုပ်ငန်းများအတွက် မှတ်ပုံတင်ထားသော လုပ်ငန်းအသစ်များ၊ မူပိုင်ခွင့်များနှင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များတိုးလာခြင်းသည် ပုဂ္ဂလိကလုပ်ငန်းများအတွက် အလုံးစုံပြည့်စုံသော စီးပွားရေးပတ်ဝန်းကျင်၏ သက်သေပြချက်တစ်ခုဖြစ်ကြောင်း Central University of Finance and Economics မှ Business School ၏ ဌာနမှူး Lin Song က ပြောကြားခဲ့ပါသည်။

အရည်အသွေးမြင့် တရားမျှတသော ပြိုင်ဆိုင်မှုစနစ် မြှင့်တင်ရန်၊ ပုဂ္ဂလိက စီးပွားရေးကဏ္ဍသို့ စည်းမျဉ်းစည်းကမ်းချဉ်းကပ်မှု အသွင်ပြောင်းရန်၊ ပုဂ္ဂလိကစီးပွားရေးကို ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဂေဟစနစ်၌ ပေါင်းစည်းရန်၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုအားကို ပိုမိုလှုံ့ဆော်ရန်နှင့် ပုဂ္ဂလိက စီးပွားရေး၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် လိုအပ်ကြောင်း Lin က ပြောခဲ့ပါသည်။

အဆိုပါ ဥပဒေမူကြမ်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စျေးကွက်ဝင်ရောက်မှု negative list system အား အကောင်အထည်ဖော်ရန် အလေးပေးဖော်ပြထားပြီး အဆိုပါစာရင်းရှိ နယ်ပယ်များမှလွဲ၍ ပုဂ္ဂလိက အဖွဲ့အစည်းများအပါအဝင် စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် ဥပဒေနှင့်အညီ တန်းတူညီမျှစွာ ဝင်ရောက်ခွင့်ရှိမည်ဟု ဖော်ပြထားပါသည်။ လေလံဆွဲခြင်းနှင့် အစိုးရဝယ်ယူရေး တို့တွင် ပုဂ္ဂလိကအဖွဲ့ အစည်းများကို ကန့်သတ်ခြင်း သို့မဟုတ် ဖယ်ထုတ်ခြင်း မပြုရ ဟုလည်း မှတ်ချက်ပြုထားကြောင်းသိရှိရပါသည်။

တစ်ချိန်တည်းတွင် လက်ရှိဖြစ်ပေါ်နေသော နည်းပညာတော်လှန်ရေးနှင့် စက်မှုအသွင်ကူးပြောင်းမှုသည် ထွန်းသစ်စနည်းပညာများ၊ စက်မှုလုပ်ငန်းများနှင့် စီးပွားရေးပုံစံများကို တွန်းအားပေးနေပြီး ပုဂ္ဂလိကစီးပွားရေးအတွက် တိုးတက်မှု အခွင့်အလမ်းသစ်များပေးသည့် လတ်ဆတ်သော ဝယ်လိုအားကို ဖန်တီးပေးသည့် ဥပဒေမူကြမ်းသည် နိုင်ငံ၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာ စီမံကိန်းများတွင် ပုဂ္ဂလိက စီးပွားရေး အဖွဲ့အစည်းများ၏ တက်ကြွစွာပါဝင်မှုကို ပံ့ပိုးပေးကြောင်းသိရှိရပါသည်။ ၎င်းသည် ကြီးမားသောနည်းပညာဆိုင်ရာ တိုးတက်မှုများ၌ ဦးဆောင်နိုင်စွမ်းရှိသည့် ပုဂ္ဂလိကအဖွဲ့အစည်းများကို စွမ်းဆောင်နိုင်ရန်လည်း ပံ့ပိုးပေးကြောင်းသိရှိရပါသည်။

အဆိုပါမူကြမ်းတွင် အဓိကအာဖြင့် အမျိုးသား သိပ္ပံဆိုင်ရာ သုတေသန အခြေခံအဆောက်အအုံများတွင် ပုဂ္ဂလိကစီးပွားရေး အဖွဲ့အစည်းများ ပါဝင်လာစေခြင်း၊ စက်မှုလုပ်ငန်း၊ ဘာသာရပ်ဆိုင်ရာ အဖွဲ့ အစည်းများနှင့် သုတေသန အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်းနှင့် ၎င်းတို့၏ ဉာဏပစ္စည်းမူပိုင်ခွင့်များကို အကာအကွယ်ပေးခြင်း၌ အားကောင်းစေခြင်း စသည်တို့ကို အလေးထား ဖော်ပြထားပါသည်။

တရုတ်နိုင်ငံသည် အခြေခံအဆောက်အအုံကဏ္ဍအတွက် စျေးကွက်ချဲ့ထွင်မှုအနေဖြင့် ပုဂ္ဂလိကကုမ္ပဏီများကို တန်းတူပါဝင်ခွင့်ပေးခြင်းဖြင့် ပုဂ္ဂလိက ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှု နယ်ပယ်တွင် ထိထိရောက်ရောက် မြှင့်တင်သွားနိုင်မည်ဖြစ်ကြောင်း တရုတ်မက်ခရိုစီးပွားရေးသုတေသနအကယ်ဒမီမှ Bi က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

အရင်းအမြစ်။ http://en.people.cn/n3/2024/1223/c90000-20257075.html

စီးပွားရေးသံမှူး၊တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News