International News

စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများအား တရားမဝင်ရောင်းချသူနှင့် ပစ္စည်းသိုလှောင်ပြီး ဈေးကစားသူများအား သမ္မတမားကို့စ်မှ သတိပေးပြောကြား

Last Updated:

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာသည် ၎င်း၏ဒုတိယအကြိမ်မြောက် နိုင်ငံတော်အခြေ ပြမိန့်ခွန်းအား ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့က ပြောကြားခဲ့ပြီး မိန့်ခွန်းတွင် အစိုးရအနေဖြင့် စိုက်ပျိုးရေးထွက် ကုန်ပစ္စည်များအား တရားမဝင်မှောင်ခိုရောင်းချသူနှင့် ပစ္စည်းသိုလှောင်ပြီး ဈေးကစားသူများကြောင့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများမှာ အဆမတန်ဈေးတက်နေသည့်အတွက်၎င်းတို့အား ထိထိရောက်ရောက် အရေးယူဆောင်ရွက်မည့်အချိန်မှာ နီးကပ်နေပြီဖြစ်ကြောင်း သတိပေးပြောကြားခဲ့ပါသည်။

သမ္မတသည် လွှတ်တော်သို့ Anti-Agricultural Smuggling Act အားဦးစားပေးအစီအစဉ်ဖြင့် ပြင်ဆင်ရေးဆွဲရန် တိုက်ရိုက်ညွှန်ကြားထားပြီး သမ္မတ၏ ပထမနှစ်အစိုးရသက်တမ်းတွင် အခြေခံကုန်ပစ္စည်းများ အထူးသဖြင့် ကြက်သွန်နီ ဈေးနှုန်းမှာ အဆမတန်မြင့်မားခဲ့သည့် ပြသနာအားရင်ဆိုင်ခဲ့ရ ပါကြောင်း၊  ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က ကြက်သွန်နီမှောင်ခိုရောင်းချသူများနှင့် ကုန်ပစ္စည်း သိုလှောင်ပြီး ဈေးကစားသူများအား အရေးယူနိုင်ရေး စုံစမ်းဖော်ထုတ်သွားရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါသည်။

ဖိလစ်ပိုင်အောက်လွှတ်တော် Appropriations Committee ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူမှ ကုန်သည် Lilia “Lea” Cruz သည် အဆိုပါကိစ္စရပ်အတွက် အဓိကတာဝန်ရှိသူဖြစ်ကြောင်းနှင့် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ခုနှစ် နှစ်ဦးပိုင်းကာလအထိ ကြက်သွန်နီဈေးကွက် တန်ဖိုးကွင်းဆက်တလျှောက်လုံး ပါဝင်ပက်သက်ခဲ့ခြင်းဖြစ်သည် သက်သေခံ၍ စွဲချက်တင်ထားပါသည်။ Cruz သည် ဟင်းသီးဟင်းရွက် တင်သွင်းသူနှင့်တင်ပို့သူများ၊ ရောင်းချသူများအသင်းအားထူထောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း ကြက်သွန်နီဈေးနှုန်း တစ်ကီလိုလျှင် ပီဆို-၇၀၀ထိ ဈေးနှုန်းမြင့်တက်စေရန် ဈေးကစားခဲ့သည့် ဖြစ်ရပ်တွင် ပါဝင်ပက်သက်ခဲ့ခြင်းမရှိကြောင်း  ငြင်းဆိုထားပါသည်။

ထို့အတွက် ဥပဒေရေးရာဝန်ကြီးဌာနသည် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ မှောင်ခိုရောင်းချခြင်းအားကာကွယ်ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့အား ဖွဲ့စည်းခဲ့ပြီး ကြက်သွန်နီကဏ္ဍတွင်သာမက စိုက်ပျိုး ရေးကဏ္ဍကြီးတစ်ခုလုံးအား အကာအကွယ်ပေးနိုင်ရေးအတွက် အထူးအလေးပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ သမ္မတသက်တမ်း ပထမတစ်နှစ်ကာလအတွင်း စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေးစက်ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ မျိုးစေ့များဖြန့်ဝေပေးခြင်း၊ စက်သုံးဆီဈေးနှုန်းလျှော့ချပေးသည့် ဘောင်ချာများပေးခြင်းနှင့် ဓာတ်မြေဩဇာများထောက်ပံ့ပေးခြင်းတို့အား အောင်မြင်စွာဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

ထို့ပြင် အစိုးရအနေဖြင့် ရေပေးဝေရေးစနစ်ပိုမိုကောင်းမွန်စေရေး၊ စိုက်ပျိုးလယ်ယာမြေများ ဖော်ထုတ်ပေးခြင်း၊ လယ်ယာမြေမှဈေးကွက်သို့ တိုက်ရိုက်ချိတ်ဆက်သည့်လမ်းများ တည်ဆောက်ပေးခြင်း၊ ဓာတ်ခွဲခန်းများ တည်ဆောက်ပေးခြင်း၊ အအေးခန်းကုန်သိုလှောင်ရုံများ တည်ဆောက်ပေး ခြင်းတို့အား ဖန်တီးပေးခဲ့ပါကြောင်း စိုက်ပျိုးရေးဝန်ကြီးတာဝန်ကိုလည်း ပူးတွဲတာဝန်ယူထားသည့် သမ္မတမားကို့စ်မှ ပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေးဝန်ကြီးဌာနမှ တောင်သူလယ်သမားများအား ဇီဝဓာတ်မြေဩဇာ အသုံးပြုနည်း တို့ကို သင်ကြားပို့ချပေးခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်ပထမ ၃ လပတ်တွင် စိုက်ပျိုးရေးကဏ္ဍမှာ ၂.၁ ရာခိုင်နှုန်း ထိ တိုးတက်ခဲ့ပါကြောင်း၊ လတ်တလောတွင် စိုက်ပျိုးရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် ပီဆို ၅၇ ဘီလီယံရှိသော New Agrarian Emancipation Act အား လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါကြောင်းလည်း ပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းဆန်စပါးကဏ္ဍကိုလည်း ပိုမိုမြှင့်တင်သွားရန် အဖွဲ့အစည်းများအလိုက်ထောက်ပံ့ပေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သမ္မတ၏ ဒုတိယမြောက် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင်စိုက်ပျိုးရေးကဏ္ဍအတွက်ဆောင်ရွက်သွားမည့်အစီအစဉ်များပြောကြားခဲ့မှုမှာ  လွန်စွာရှင်းလင်းပါကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ပါဝင်ပက်သက်ဆောင်ရွက်နေသည့် အဖွဲ့အစည်းအေဂျင်စီများ အနေဖြင့်လည်း အရေးကြီးဆောင်ရွက်သွားမည့် အစီအစဉ်တို့ကို ဦးစားပေးအလိုက် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် Fisheries Code နှင့် Cooperative Code တို့အား ပြင်ဆင်သွားရန်ကိုလည်း လွှတ်တော်သို့ပြောကြားခဲ့ပါကြောင်းနှင့် အစိုးရအနေဖြင့် လတ်တလောတွင် မွေးမြူရေးလုပ်ငန်းတွင် ဇီဝလုံခြုံရေးအား ပိုမိုအားကောင်းစေရန် ဆောင်ရွက်နေပြီး အယ်နီညိုရာသီဥတု၏ စိုက်ပျိုးရေးကဏ္ဍအပေါ် သက်ရောက်မှုအတွက် ပြင်ဆင်ဆောင်ရွက်နေရပါကြောင်း သမ္မတမားကို့စ်မှ ပြောကြားခဲ့ပါသည်။

 

 

 

Source;https://www.cnnphilippines.com/news/2023/7/24/marcos-warns-smugglers-hoarders.html?utm_source=izooto&utm_ medium= push_notifications&utm_campaign=Marcos%20warns%20agri%20smugglers,%20hoarders

( စီးပွားရေးသံမှူး၊မနီလာမြို့)

 

Category: International News