International News

ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၂ ခုနှစ် ကြက်သွန်နီအကြပ်အတည်း (2022 Onion Crisis in Philippines)

Last Updated:

သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာအစိုးရ၏ ပထမနှစ်သက်တမ်း(၂၀၂၂) ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ကြက်သွန်နီ အကြပ်အတည်း Onion Crisis နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ကြက်သွန်နီဈေးနှုန်းမှာ တစ်ကီလိုလျှင်ပီဆို-၇၀၀ ( အမေရိကန်ဒေါ်လာ ၁၂.၈၀, ယူရို ၁၀.၄၀) ခန့်ထိ မြင့်တက်သွားခဲ့ပါသည်။ အသားငါးဈေးနှုန်းထက်ပင် ကြီးမြင့်နေခြင်းဖြစ်ပြီး ကြက်သွန်နီသည် စားသုံးသူများအတွက် ဇိမ်ခံ အသုံးအဆောင်တစ်ခုအဖြစ် ရှိခဲ့ပါသည်။ ကြက်သွန်နီသည် ဖိလစ်ပိုင်နိုင်ငံ၏ နေ့စဉ်စားသုံးနေသည့် အစားအစာများတွင် မပါမဖြစ်ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ကြက်သွန်နီအပါအဝင် နေထိုင်စားသောက်မှုစရိတ်များ မြင့်တက်လာခြင်းက ငွေကြေးဖောင်းပွမှု၏ လက္ခဏာတစ်ခုဖြစ်ပါကြောင်း၊ အစား          အသောက်ဈေးနှုန်းမှစ၍ စက်သုံးဆီဈေးနှုန်းများအထိ အရာရာဈေးမြင့်တက်နေခြင်းသည် ၁၄ နှစ်တာကာလအတွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။

စိုက်ပျိုးရေးဝန်ကြီအဖြစ်လည်း ပူးတွဲတာဝန်ယူထားသည့်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာသည် အစားအသောက်ကုန် စည်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသည့် အတွက် အရေးပေါ်အခြေအနေ (Emergency Situation) အဖြစ်ကြေငြာခဲ့ပြီး ပြည်တွင်းဈေးကွက်တွင်ကြက်သွန်နီ လုံလောက်မှုရှိစေရန် ကြက်သွန်နီ တင်သွင်းခွင့်အား အတည်ပြုခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဆိုးရွားပြင်းထန် လှသောရာသီဥတုဒဏ်ကြောင့် ကြက်သွန်နီအပါအဝင် စားသောက်ကုန်ပစ္စည်းများထုတ်လုပ်မှုများ ကျဆင်းခဲ့ခြင်းကြောင့် အစိုးရအနေဖြင့် ဝယ်လိုအားကို ဦးတည်သည့် စီးပွားရေးစနစ်အား ပြောင်းလဲ ကျင့်သုံးခဲ့ရပါသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ဖိလစ်ပိုင်နိုင်ငံသည် အလွန်ပြင်းထန်သော မုန်တိုင်း (၂) ခုဝင်ရောက် ခဲ့ခြင်းကြောင့် ကောက်ပဲသီးနှံများပျက်စီးဆုံးရှုံးမှုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသဖြင့် သီးနှံများပြတ်လတ် ခြင်းတို့ဖြစ်ပေါ်ခဲ့ပါသည်။ နိုင်ငံခြားခရီးသွားများအား ဆွဲဆောင်သည့် လူသိများသောနေရာဖြစ်သည့် Cebu Street Food Stalls များတွင် ဈေးနှုန်းမြင့်တက်သည့် ဒဏ်အား ခံစားခဲ့ရပါသည်။ ဟင်းသီးဟင်းရွက်ကြော်၊ အသားငါးပင်လယ်စာများဖြင့် ချက်ပြုတ်သည့် ဖိလစ်ပိုင်ရိုးရာအစားအစာအများစုမှာ ကြက်သွန်နီနှင့် အချဉ်ဆော့စ်တို့အား အဓိကအသုံးပြုပြီး ချက်ပြုတ်ရသည့်အတွက် ကြက်သွန်နီဈေး နှုန်းမြင့်မားခြင်းကြောင့် များစွာထိခိုက်ခဲ့ရပါသည်။ အစိုးရအနေဖြင့် ဈေးနှုန်းမြင့်မားခြင်းအတွက် နည်းလမ်းများရှာဖွေပြီး တုံ့ပြန်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများလည်းရှိခဲ့ပါသည်။

ထိုစဉ်အချိန်အခါက Iloilo မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မင်္ဂလာဆောင်အခမ်းအနားတစ်ခုတွင် သတို့သမီးကိုင်ဆောင်သည့် ပန်းစည်းနေရာတွင် ကြက်သွန်နီဖြင့်ပြုလုပ်ထားသည့် ပန်းစည်းအား အစားထိုး အသုံးပြုခဲ့သည်အထိ ဖြစ်ခဲ့ကြောင်း ပြည်တွင်းသတင်းစာများတွင် ဖော်ပြခဲ့ပါသည်။ ထို့ပြင် ထူးထူးခြားခြားအနေဖြင့် ဖိလစ်ပိုင်လေကြောင်းလိုင်းမှ လေယာဉ်မောင်/မယ် ၁၀ ဦးသည် ၎င်းတို့၏ ခရီးဆောင် အိတ်ထဲတွင် ကြက်သွန်နီနှင့် အသီးအနှံ ၄၀ ကီလိုခန့်အား မှောင်ခိုတင်သွင်းခဲ့သဖြင့် စုံစမ်းစစ်ဆေးခြင်းခံခဲ့ရကြောင်း ဖော်ပြထားပါသည်။ ဖိလစ်ပိုင်အကောက်ခွန်ဌာနအနေဖြင့် ခရီးသွားများအား ဒဏ်ကြေးပေးဆောင်ခိုင်းခြင်းမရှိသော်လည်း ခွင့်ပြုချက်မရရှိပဲ သယ်ယူခွင့်မရှိကြောင်း သတိပေးပြောကြားခဲ့ပါသည်။

ကြက်သွန်နီအကြပ်အတည်းသည် သမ္မတမားကို့စ်အတွက် ဖိအားတစ်ခုဖြစ်စေခဲ့ပြီး စိုက်ပျိုးရေးဝန်ကြီးအနေဖြင့် စားသောက်ကုန်ထုတ်လုပ်ခြင်းအား မြှင့်တင်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုထားခြင်း များရှိခဲ့သည့်အတွက် ဖြစ်ပါကြောင်း၊ အချို့တရားဥပဒေဆိုင်ရာ တာဝန်ရှိသူများမှ နေရာ လဲလှယ်ပေးသွားရန်အထိ ပြောကြားခဲ့ခြင်းများရှိပါကြောင်းဖော်ပြထားပါသည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲနေခြင်းသည် တိုင်းပြည်အတွက်အစားအစာဖူလုံမှု ရှိစေရေးအား အဓိကခြိမ်းခြောက်နေသည့် ပြသနာတစ်ခုဖြစ်ပါကြောင်း၊ စားသုံးသူများအနေဖြင့် မရှိမဖြစ် ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲခြင်းဖြင့် ဝယ်နိုင်စွမ်းအားမှာ ကျဆင်းခဲ့ပါကြောင်း၊ ရာသီဥတုဆိုးရွားလာ ခြင်းသည် ကုန်ပစ္စည်းရိက္ခာပြတ်လတ်မှုနှင့် ဈေးနှုန်းမြင့်တက်ခြင်းတို့ကို ဖြစ်စေသဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ စားသုံးသူပမာဏ၏ အစိတ်အပိုင်းတော်တော်များများအား ထိခိုက်စေပါကြောင်းဖော်ပြပါရှိပါသည်။

 

 

Source;https://www.cnnphilippines.com/news/2023/7/24/marcos-warns-smugglers-hoarders.html?utm_source=izooto&utm _medium=push_notifications&utm_campaign=Marcos%20warns%20agri%20smugglers,%20hoarders

( စီးပွားရေးသံမှူး၊မနီလာမြို့)

 

Category: International News