International News

ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှု လွယ်ကူချော့မွေ့စေရေး ဆောင်ရွက်ချက်

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၃ ခုနှစ် ပထမ ၅ လအတွင်း ဆန်တန်ချိန် ၃.၆၂ သန်း တင်ပို့နိုင်ခဲ့ ပြီး လက်ရှိအနေအထားအရ အခြားပို့ကုန်များတင်ပို့ရန် အခက်အခဲများကြုံတွေ့နေစဉ် ယခုအချိန်ထိ ဗီယက်နမ်နိုင်ငံ၏ အောင်မြင်စွာတင်ပို့နေရဆဲ ပို့ကုန်တစ်ခုဖြစ်ပါသည်။

ဗီယက်နမ်အကောက်ခွန်ဌာန၏ နောက်ဆုံးသတင်းအချက်အလက်များအရ ပထမ ၅ လ အတွင်း ဆန်တန်ချိန် ၃.၆၂ သန်းတင်ပို့နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်အလားတူကာလထက် နှိုင်းယှဉ်ပါက များစွာမြင့်မားပြီး ၂၀၂၁ ခုနှစ်ထက် တန်ချိန် ၂.၅၉၁ သန်း၊ ၂၀၁၉ ခုနှစ်ထက် တန်ချိန် ၂.၇၅၆ သန်း၊၂၀၁၈ ခုနှစ်ထက် တန်ချိန် ၂.၉၄၅ သန်း တိုးတက်လာကြောင်း သိရှိရပါသည်။ ပျမ်းမျှလ ပို့ကုန်ဈေးနှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၉.၄ မြင့်တက်လာကြောင်း တွေ့ရှိရပါ သည်။

ပို့ကုန်တန်ဖိုးသည် ပြီးခဲ့သည့်နှစ် ပထမ ၅လနှင့် နှိုင်းယှဉ်ပါက USD ၁.၉၀၆ ဘီလီယံ၊ ၂၀၂၂ ခုနှစ်တွင် USD ၁.၃၅၃ ၊ ၂၀၂၁ ခုနှစ်တွင် USD ၁.၄၀၆၊ ၂၀၁၉ ခုနှစ်တွင် USD ၁.၁၈၅ နှင့် ၂၀၁၈ ခုနှစ်တွင် ၁.၄၈၈ USD ရှိကြောင်း ဖော်ပြထားပါသည်။

Trung An Hi-tech Farming Joint Stock Company ၏ အထွေထွေဒါရိုက်တာဖြစ်သူ Pham Thai Binh ၏ ပြောကြားချက်အရ ကုမ္ပဏီအနေဖြင့် ဧပြီလတွင် ကိုရီးယားသမ္မတနိုင်ငံသို့ ဆန်လုံးညို ၁၁၃၄၇ တန် လေလံတင်ခဲ့ရာတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀ နီးပါး ရရှိခဲ့ကြောင်း၊ ယခုနှစ်အစပိုင်းမှစ၍ ကုမ္ပဏီသည် ဥရောပသို့ ဆန်တန်ချိန် ၅,၀၀၀ ကျော်နှင့် ကိုရီးယားနိုင်ငံသို့ တန်ချိန် ၃၂,၀၀၀ ခန့် တင်ပို့ခဲ့ကြောင်း၊ ဥရောပနှင့် ကိုရီးယားနိုင်ငံများအပြင် အရှေ့အလယ်ပိုင်း၊ မလေးရှားနှင့် တရုတ်နိုင်ငံကဲ့သို့သော အခြားဈေးကွက်များသို့လည်း တင်ပို့ ရောင်းချခဲ့ကြောင်း၊ ဥရောပသို့ တင်ပို့ရာတွင် ဆန်မွှေးတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၀၀ မှ ၁၂၅၀ အထိ ဈေးနှုန်းများရှိကြောင်း၊ ကိုရီးယားသို့ တင်ပို့သည့်ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၅ ဖြစ်ကြောင်းသိရှိရပါသည်။ ပြီးခဲ့သည့်နှစ်များနှင့် နှိုင်းယှဉ်ပါက ယခုဈေးများသည် အတော်မြင့်မားကြောင်း သိရှိရပါသည်။

ဗီယက်နမ်စားနပ်ရိက္ခာအဖွဲ့၏ အဆိုအရ ထိုင်းနှင့် အိန္ဒိယတို့မှ ဆန်များနှင့် နှိုင်းယှဉ်ပါက ဗီယက်နမ်ဆန်အမျိုးမျိုးသည် ဈေးနှုန်းမြင့်မားစွာ ရရှိကြောင်းသိရှိရပါသည်။ ထူးခြားမှုအနေဖြင့် ဗီယက်နမ်ဆန်တင်ပို့မှုမှာ တည်ငြိမ်နေသော်လည်း ထိုင်းနှင့် အိန္ဒိယဆန်ဈေးနှုန်းများမှာ နေ့စဉ်နှင့်အမျှ အတက်အကျဖြစ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ဗီယက်နမ်ဆန်ဈေးနှုန်းတည်ငြိမ်မှုမှာ ကမ္ဘာ့ဝယ်လိုအား တိုးမြင့်လာမှုနှင့် ထုတ်ကုန်အရည်အသွေး တည်ငြိမ်မှုတို့ကြောင့် ဖြစ်ကြောင်း တွေ့ရှိရပါသည်။

ဆန်တင်ပို့မှုအဆင်ပြေချောမွေ့စေရန်အတွက် ဒုတိယဝန်ကြီးချုပ် Le Minh Khai က ၂၀၃၀ ပြည့်နှစ်အထိ ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာကို မကြာသေးမီက အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီး ၎င်းမဟာဗျူဟာတွင် သင့်တင့်မျှတသော၊ တည်ငြိမ်သော၊ ထိရောက်မှုရှိသော တိုးတက်မှုနှုန်း၊ ဈေးကွက်နှင့် ထုတ်ပိုးမှုပုံစံတို့ဖြင့် ဆန်အမျိုး အမည်စုံလင်စွာဖြင့် ပို့ကုန်ဈေးကွက် ဖွံ့ဖြိုးစေရေး ရည်ရွယ်ကြောင်းဖော်ပြပါရှိပါသည်။ အဆိုပါ မဟာ ဗျူဟာအရ ဗီယက်နမ်သည် အစဉ်အလာနှင့်  အဓိကကျသော ပို့ကုန်ဈေးကွက်များ ပိုမိုအားကောင်းစေရန် စုစည်းသွားမည်ဖြစ်ပြီး အလားအလာရှိသော ဈေးကွက်များနှင့် ဗီယက်နမ်တွင် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားကာ ဈေးကွက်များကို ဖော်ထုတ်သွားမည်ဖြစ်သည်။ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများသို့ တင်ပို့သည့်ဈေးကွက်များတွင် ဗီယက်နမ်၏ ဆန်ဝေစုတိုးမြှင့်ရန် ရည်ရွယ်ကြောင်း သိရှိရပါသည်။

အသေးစိတ်ရည်မှန်းချက်များမှာ ပို့ကုန်တန်ဖိုး ပိုမိုတိုးမြှင့်ရေး၊ ပို့ကုန်ဆန်တန်ဖိုးမြှင့်တင်ရေးနှင့် ၂၀၃၀ ပြည့်နှစ်တွင် ပို့ကုန်တန်ချိန် ၂.၆၂ ဘီလီယံလျှော့ချကာ ပို့ကုန်တန်ဖိုးမြှင့်တင်ရန် ဖြစ်သည်။ နှစ်စဉ်ပို့ကုန်တိုးတက်မှုသည် ၂၀၂၃-၂၀၂၅ ကာလတွင် ၂.၄ % ခန့်နှင့် ၂၀၂၆ -၂၀၃၀ တွင် ၃.၆ % ကျဆင်းသွားမည်ဖြစ်သည်။

ဆန်တင်ပို့မှုအမြင့်ဆုံးအဆင့်တွင် အဆင်ပြေချောမွေ့စွာတင်ပို့နိုင်ရေးအတွက် စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် ဩဂုတ် ၁၅ ရက်က ထုတ်ပြန်ခဲ့သော အစိုးရ၏ ဆန်တင်ပို့မှုဆိုင်ရာ အမိန့်အမှတ် ၁၀၇/၂၀၁၈/ND-CP အား အခြားသောဝန်ကြီးဌာနများ၊ ကဏ္ဍများ၊ ဒေသန္တရဆိုင်ရာများနှင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ အဆိုပါအမိန့်အား ပြင်ဆင်ဖြည့်စွက်ရန် ဆောင်ရွက်လျက်ရှိပြီး အထူးသဖြင့် နည်းပညာဆိုင်ရာ အတားအဆီးများ၊ အစားအသောက်ဘေးကင်းရေးနှင့် သန့်ရှင်းမှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများစသည့် ဆန်တင်ပို့မှုတွင် ကြုံတွေ့ရသောအခက်အခဲများကို ဖြေရှင်းဆောင်ရွက်လျက်ရှိသည်။ ပိုးသတ်ဆေး၊ အပင် သီးသန့်ခွဲထားမှုနှင့် ဇာစ်မြစ်ကို ခြေရာခံမှုဆိုင်ရာ FTA လိုအပ်ချက်များကို စီးပွားရေးလုပ်ငန်းများ သတိပြုမိရန် ပိုမိုကျယ်ပြန့်စွာ အသိပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source : Vietnam Economic News

(စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News