Local News

မအူပင်မြို့နယ်တွင် ထောပတ်ပဲ ၁၆ ပြည်ဝင်တစ်အိတ်လျှင် ငွေကျပ် ၆၇၀၀၀ ထိ ဈေးကောင်းရရှိ

Last Updated:

     ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်တွင် ထောပတ်ပဲ(အပြားကြီး) ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၆၇၀၀၀ ထိ ဈေးကောင်းရရှိနေကြောင်း မအူပင်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်စုစုလှိုင်က ပြောပြ၍ သိရသည်။

   မအူပင်မြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လက ထောပတ်ပဲ (အပြားကြီး) ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၅၈၀၀၀ ထိသာ ဈေးရှိခဲ့ပြီး ဇူလိုင် ၁ ရက်မှ ယနေ့(ဇူလိုင်-၂၄)အထိ ထောပတ်ပဲ(အပြားကြီး) ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၆၇၀၀၀ ထိ ဈေးကောင်းရရှိလာကြောင်း၊ အဆိုပါထောပတ်ပဲများ ဈေးကောင်းရရှိလာခြင်းသည် ရန်ကုန်မြို့မှ အဝယ်လိုက် လာသောကြောင့်ဖြစ်ကြောင်း သိရသည်။

   “ရန်ကုန်ဈေးကွက်က ထောပတ်ပဲတွေ ဝယ်လိုအားကောင်းနေတယ်။ လက်ရှိ ရန်ကုန်ဘက်ကဝယ်လိုအားကောင်းပြီး ဈေးပါကောင်းလာတာပါ။ ပြည်ပဈေးကွက်ကို ပြန်တင်ပို့နေလို့ လည်း ဝယ်လိုအားကောင်းလာတာပါ။ ဈေးကလည်း အရင်ထက် ၁၆ ပြည်ဝင် တစ်အိတ်ကို ငွေကျပ် ၉၀၀၀ ထိဈေးကောင်းလာတယ်။ လက်ရှိ ထောပတ်ပဲအိတ်ရေ ၁၀၀ ကျော်ထိ နေ့တိုင်းတင်ပို့ရောင်းချနေရတယ်။ တင်ပို့ရောင်းချအားရှိနေတာကြောင့် အခုထောပတ်ပဲကို စိုက်ပျိုးသူတွေ၊ သိုလှောင်ထားတဲ့ ကုန်သည်တွေဈေးကောင်းရရှိနေတယ်။ ထောပတ်ပဲက လာမဲ့ပဲပေါ်ရာသီမရောက်မီထိ အရောင်းအဝယ်နဲ့ ဈေးပါအခုထက်ကောင်းလာဖို့ရှိပါတယ်” ဟု မအူပင်မြို့နယ် လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်စုစုလှိုင်က ပြောပြသည်။

      မအူပင်မြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင်များသည် ‌ဒေသထွက်ပဲများကို ဝယ်ယူပြီး ရန်ကုန်မြို့မှတစ်ဆင့် ပြည်ပနိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ထောပတ်ပဲများကို ရေကြည်မြို့နယ်၊ ဟင်္သာတမြို့နယ်၊ မအူပင်မြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဝါးခယ်မမြို့နယ် စသည့်မြို့နယ်များတွင် အများဆုံးစိုက်ပျိုထွက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News