International News

ထိုင်းနိုင်ငံ၏ ပို့ကုန်ပမာဏတိုးမြှင့်နိုင်ရေးအတွက် ထိုင်းနိုင်ငံ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ဆွေးနွေးပွဲတစ်ရပ် ကျင်းပသွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံ၏ စီးပွားရေး ပြန်လည်ကောင်းမွန်စေရန်နှင့် ပို့ကုန်ကဏ္ဍတိုးမြှင့်စေရန်အတွက် ပုဂ္ဂလိကကဏ္ဍနှင့်ဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊  အဆိုပါ ဆွေးနွေးပွဲတွင် ပို့ကုန်အခြေအနေများကို ပြန်လည်သုံးသပ်၍ ကုန်သွယ်မှုမြှင့်တင်နိုင်မည့် အစီအမံများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Phusit Ratanakul Sereroengrit က ပြောကြားခဲ့ပါသည်။

ပုဂ္ဂလိကကဏ္ဍမှ ထိုင်းကုန်သည်ကြီးများအသင်း၊ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ပို့ကုန်လုပ်ငန်းများကောင်စီနှင့် စီးပွားရေးသံမှူးများ ပါဝင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ဇူလိုင်လအထိ ကုန်သွယ်မှုဆိုင်ရာကိန်းဂဏန်းများအရ ထိုင်းပို့ကုန်သည် ၁၀ လ ဆက်တိုက်ကျဆင်းနေပါကြောင်း၊ ယူကရိန်းပဋိပက္ခ၊ ငွေကြေးမူဝါဒတင်းကြပ်မှုနှင့် ဘဏ္ဍာ‌ရေးအဖွဲ့အစည်းများ၏ ငွေချေးမှုပုံစံ တင်းကြပ်လာမှု၊ တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုကြောင့် နိုင်ငံတွင်းစားသုံးမှု ကျဆင်းလာခြင်းစသည်တို့၏ သက်ရောက်မှုများကြောင့်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က သုံးသပ်ထားပါသည်။

ယခုနှစ် ပထမ ၇ လအတွင်း အကောက်ခွန်ရှင်းလင်းခဲ့သည့် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၂.၁ ဘီလီယံနှင့် သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၄.၁ သန်းရှိခဲ့ပါကြောင်း၊ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်း၊ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၃ ဘီလီယံ နှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇၂ ဘီလီယံရှိခဲ့သဖြင့် ကုန်သွယ်မှု လိုငွေ အမေရိကန် ဒေါ်လာ ၈.၂၈ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

ဝန်ကြီးဌာနက နှစ်စဉ်ခန့်မှန်းထားသော တိုးတက်မှုနှုန်း ၁-၂ ရာခိုင်နှုန်းသည် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေပါကြောင်း၊ ယခုနှစ်၏ ကျန်လအတွင်း ထိုင်းစားသောက်ကုန်များ၏ ပို့ကုန်တိုးမြှင့်ရန် ရည်ရွယ် ၍ ထိုင်းအစားအသောက်ထုတ်ကုန်များနှင့် စားသောက်ဆိုင်များကို အရောင်းမြှင့်တင်နိုင်ရေး အတွက် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်နှင့် ထိုင်းလေကြောင်းလိုင်းတို့နှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် မတ်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ထိုင်းကုန်သည်ကြီးများအသင်းနှင့် ဂျာမန်ကုန်စည်ပြပွဲ စီစဉ်သူ Koelnmesse တို့ ပူးပေါင်း၍ THAIFEX-HOREC Asia 2024  ကို ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယင်းကုန်စည်ပြပွဲသည် ဟိုတယ်၊ အစားအသောက်နှင့် ကော်ဖီဆိုင်နယ်ပယ်အတွက် ပထမဆုံး ကျင်းပသည့်ပွဲ ဖြစ်ပါကြောင်း၊ ဝန်ဆောင်မှုကဏ္ဍ တိုးတက်လာရန် မျှော်လင့်ပါကြောင်း Mr. Phusit က ပြောကြားခဲ့ပါသည်။

 

 

 

Source: www.bangkokpost. gov၊

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News