Local News

ကျိုက်လတ်မြို့နယ်တွင် ကွမ်းရွက်တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ ထိ ဈေးကောင်းရရှိ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်တွင် ကွမ်းရွက်တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ ထိ ဈေးကောင်းရရှိနေကြောင်း ကျိုက်လတ်မြို့နယ်မှ ကွမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်သူသူအောင်က ပြောပြသည်။

ကျိုက်လတ်မြို့နယ်တွင် ဇူလိုင်လနှင့် ဩဂုတ်လက ကွမ်းရွက်တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ မှ ၄၅၀၀ ထိသာဈေးရှိခဲ့ပြီး စက်တင်ဘာလ ပထမပတ်မှ ယနေ့(စက်တင်ဘာလ ၂၅)ရက်နေ့ထိ ကွမ်းတစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ ထိ ဈေးကောင်းရရှိနေကြောင်း၊ ကွမ်းရွက်ဈေးကောင်းရရှိနေခြင်းသည် ဒေသတွင်ကွမ်းရွက်အထွက်နှုန်းနည်းခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။

“ကွမ်းရွက်ဈေးက တစ်လထက်တစ်လ ပိုပြီးဈေးကောင်းလာပါတယ်။ ဈေးကောင်းတော့ ကွမ်းကောင်းကွမ်းသန့်မရဘူး။ ဇူလိုင်ကနဲ့ ဩဂုတ်လက ကွမ်းရွက်တစ်ပိဿာမှ ငွေကျပ် ၄၀၀၀ မှ ၄၅၀၀ ထိပဲ ဈေးရှိခဲ့တယ်။ အခုဒေသတချို့မှာ ရေကြီးရေလျှံတာ၊ လေပြင်းတိုက်ခတ်တာနဲ့ မိုးရွာတာတွေကြောင့် ကွမ်းခြံတွေ ပျက်စီးတော့ ကွမ်းဈေးက အဆမတန်ဈေးကောင်းရရှိလာတာဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ ကွမ်းဈေးက အမြင့်ဆုံးဈေးရနေတယ်လို့ ပြောလို့ရပါတယ်။ ကွမ်းစိုက်သူတွေအတွက် ကွမ်းအထွက်နည်းပေမဲ့ အဆင်ပြေပါတယ်” ဟု ဒေါ်သူသူအောင်က ပြောပြသည်။

ကျိုက်လတ်မြို့နယ်တွင် ယခုနှစ် ကွမ်းစိုက်ပျိုးသူများ စိုက်ပျိုးထားသည့် ကွမ်းခြံများအတွင်း ဇွန်လနှင့် ဇူလိုင်လက မြစ်ရေဝင်ရောက်ခြင်း၊ မိုးရက်ဆက်ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ကွမ်းခြံများပျက်စီးခဲ့ရကြောင်း၊ ထို့ကြောင့် ကွမ်းပင်များကို အသစ်ပြန်လည်စိုက်ပျိုးခြင်း၊ ကွမ်းခြံများပြန်လည်ပြုပြင်ရန် ကွမ်းစိုက်ပျိုးရေးလုပ်ငန်းများ ယာယီရပ်နားထားသူများရှိလာကြောင်း ကွမ်းအထွက်နှုန်းနည်းသဖြင့် ဈေးကောင်းရရှိနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News