International News

ဟောင်ကောင် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကောင်စီမှ ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ဦးစားပေး လုပ်ငန်းများ ထုတ်ပြန်ကြေညာ

Last Updated:

၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ဟောင်ကောင်ဒေသ၏ ကမ္ဘာ့စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဗဟိုဌာနအဖြစ်လည်းကောင်း ညီလာခံနှင့် ကုန်စည်ပြပွဲအတွက် အဓိက အချက်အချာဒေသ အဖြစ်လည်းကောင်း ရပ်တည်ခိုင်မာစေရန် လုပ်ဆောင်သွားရေးသည် အဓိကကျသည့် ရည်မှန်းချက်များဖြစ်ကြောင်း ဟောင်ကောင် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (HKTDC) မှ ထုတ်ပြန်ကြေညာခဲ့သည်ဟု Hong Kong Business သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် “HKTDC outlines priorities to boost global business, C&E hub” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အလေးထားဆောင်ရွက်သွားမည့် ကဏ္ဍများအနက် မဟာပင်လယ်ကွေ့ဒေသ (GBA) တွင် ဟောင်ကောင်ဒေသ၏ ရပ်တည်မှုခိုင်မာစေရန်နှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းပါဝင်သွားရေးတို့လည်း ပါဝင်ကြောင်း၊ ထို့သို့လုပ်ဆောင်ရန်အတွက် စီးပွားရေး အထောက်အကူပြု ဗဟိုဌာနများ ဖွင့်လှစ်ခြင်း၊ GoGBA အစီအစဉ် Version 2.0 စတင်ခြင်း၊ အခြေခံအဆောက်အဦးနှင့် အိမ်ခြံမြေလုပ်ငန်း ဝန်ဆောင်မှုများမြှင့်တင်ရေး တိုးမြှင့်ဆောင်ရွက်ခြင်း၊ အခမ်းအနားများ စီစဉ်ကျင်းပသွားခြင်း တို့ပါဝင်ကြောင်း ရေးသားဖော်ပြထားပါသည်။

ထို့ပြင် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) အပါအဝင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများမှ အခွင့်အလမ်းများတွင် ဟောင်ကောင်ဒေသအနေဖြင့် ချိတ် ဆက်ဆောင်ရွက်သွားရန်လည်း ရည်ရွယ်ထားကြောင်း၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကျန်းမာရေးတို့ကို ဦးတည်သည့် ကဏ္ဍသစ်များနှင့် ဟောင်ကောင်ဒေသ၏ အဓိကကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

အလားတူ အပြည်ပြည်ဆိုင်ရာ ညီလာခံနှင့် ကုန်စည်ပြပွဲကြီး ၄၀ ပြုလုပ်ကျင်းပခြင်း၊ ကုန်စည်ပြပွဲ အသစ် ၂ ခု စတင်ကျင်းပခြင်းနှင့်  ညီလာခံနှင့် ကုန်စည်ပြပွဲများတွင် ဒစ်ဂျစ်တယ် နည်းပညာ အသုံး ပြုမှု တိုးမြှင့်ပေးခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအချက်အချာနှင့် ညီလာခံနှင့် ကုန်စည်ပြပွဲ ကျင်းပရာ ဗဟိုဌာနတစ်ခုအဖြစ် ဟောင်ကောင်ဒေသ၏ အခန်းကဏ္ဍကို မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း စသည်ဖြင့်ရေးသား ဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News