Local News

မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလတွင် ပေါ်ဆန်းဆန် ၂၄ ပြည်ဝင်အိတ်ရေ ၉၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ် ဇန်နဝါရီလတွင် ပေါ်ဆန်းဆန် ၂၄ ပြည်ဝင်အိတ်ရေ ၉၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း မအူပင်မြို့နယ်ရှိ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းဝင်းမော်က ပြောပြ၍ သိရသည်။

မအူပင်မြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသထွက်စပါးများကို ဝယ်ယူကြိတ်ခွဲပြီး ဆန်အဖြစ် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ပေါ်ဆန်းဆန် ၂၄ ပြည်ဝင် အိတ်ရေ ၇၂၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ပေါ်ဆန်းဆန် ၂၄ ပြည်ဝင်အိတ်ရေး ၉၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“ရန်ကုန်ဆန်ဈေးကွက်ကို ဒီနှစ် ဇန်နဝါရီလမှာ ပေါ်ဆန်းဆန် ၂၄ ပြည်ဝင်အိတ်ရေ ၉၃၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးက ဆန်တွေကို ပြည်တွင်းဆန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ လက်ရှိ ဒေသထွက် မိုးစပါးလက်ကျန်အဟောင်းတွေကို ဝယ်ယူကြိတ်ခွဲပြီး ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ လက်ရှိ‌လဲ ရန်ကုန်ဈေးကွက်က ဆန်တွေအဝယ်လိုက်နေပါတယ်” ဟု ဒေါ်ဝင်းဝင်းမော်က ပြောပြသည်။

မအူပင်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ပေါ်ဆန်းဆန် ၂၄ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၁၀၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ အဆိုပါဆန်များကို အဆက်မပြတ်တင်ပို့ရောင်းချနေရခြင်းကြောင့် အရောင်းအဝယ်လုပ်ငန်းရှင်များ၊ စိုက်ပျိုးတောင်သူများ၊ ကုန်တင်ကားအငှားလိုက်သူများ၊ ကုန်တင်၊ ကုန်ချလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News