International News

ဖိလစ်ပိုင်သမ္မတမားကို့စ်မှ ဆန်တင်သွင်းမှုအပေါ်ကောက်ခံနေသည့် အကောက်ခွန်နှုန်းအား ယာယီလျှော့ချပေးရန် တင်ပြချက်အပေါ် သဘောမတူ ပယ်ချ

Last Updated:

ဈေးကွက်တွင်းဆန်ဈေးနှုန်းများ ကြီးမြင့်စေခြင်းကြောင့် ဆန်တင်သွင်းမှုအပေါ် ကောက်ခံနေသည့် အကောက်ခွန်နှုန်းအား ယာယီလျှော့ချပေးရန် အဆိုပြုတင်ပြချက်အပေါ် သမ္မတမားကို့စ်မှ ၂၆-၉-၂၀၂၃ ရက်နေ့က သဘောမတူပယ်ချခဲ့ကြောင်းဖော်ပြထားပါသည်။ ယခုအခြေအနေသည်အကောက်ခွန်နှုန်းအား လျှော့ချပေးရန် သင့်တော်မှုရှိသည့် အချိန်အခါ မဟုတ်သေးဟု တွက်ချက်ယူဆသဖြင့် အစိုးရအနေဖြင့် လျှော့ချပေးမည့် အစီအစဉ်မရှိသေးပါကြောင်းနှင့် ကမ္ဘာ့ဆန်ဈေးနှုန်းသည် ပြန်လည်ကျဆင်းနိုင်ကြောင်းကိုလည်း ခန့်မှန်းပါကြောင်း ပြောကြားခဲ့ပါသည်။

အချို့သော ဆန်တောင်သူအုပ်စုမှ ဆန်အပေါ်ကောက်ခံသည့် အကောက်ခွန်နှုန်းထားလျှော့ချပေးခြင်း၏ ဆိုးကျိုးများကို ဆွေးနွေးတင်ပြခဲ့ပါကြောင်း၊ ဆန်တင်သွင်းသူအများစုမှာမူ ၎င်းတို့အနေဖြင့် ဆန်ဈေးနှုန်းအား လျှော့ချသတ်မှတ်ထားပြီးဖြစ်သဖြင့် အကောက်ခွန်နှုန်းလျှော့ချပေးရန် အဆိုပြုချက်အပေါ် ရပ်တည်ပြောကြားခဲ့ကြပါကြောင်း၊ ဆန်တောင်သူများအနေဖြင့် ဆန်စိုက်ပျိုးထုတ်လုပ်မှု တိုးချဲ့ခြင်းမှာ အကျိုးတစ်စုံတစ်ရာဖြစ်ပေါ်လာနိုင်မည်မဟုတ်ပဲ စပါးဈေးနှုန်းများကို ပိုမိုကျဆင်းစေမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှလည်း အစောပိုင်းကာလများက ဆန်တင်သွင်းမှုအပေါ်ကောက်ခံသည့် အကောက်ခွန်နှုန်းထားအားလျှော့ချပေးခြင်းသည်ဈေးကွက်တွင်း ဆန်ဈေးနှုန်းကြီးမြင့်နေခြင်းကို ထိရောက်စွာ အကျိုးသက်ရောက်မှုရှိစေနိုင်သဖြင့် လျှော့ချပေးရန် ထောက်ခံတင်ပြခဲ့ပါကြောင်း၊  အစိုးရမှထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၃၉ အရ ဈေးကွက်တွင်းရောင်းချရမည့် အမြင့်ဆုံးဈေးနှုန်း သတ်မှတ်ချက်ကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်သွားရန် ဦးတည်ပါကြောင်း ဖော်ပြပါရှိပါသည်။

သို့သော် ဖိလစ်ပိုင်အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများမှ ယခုအခါ ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်းမှာ အကျဘက်သို့ ရောက်ရှိလာခဲ့သဖြင့် ယခုအခြေအနေတွင် အကောက်ခွန်နှုန်း လျှော့ချပေးရန် သင့်တော်သည့် အချိန်မဟုတ်သေးပါကြောင်း ပြောကြားခဲ့ပါသည်။ ၅-၉-၂၀၂၃ ရက်နေ့ကစတင်ကျင့်သုံးစေခဲ့သည့် ဈေးကွက်အတွင်း ရောင်းချရမည့် အမြင့်ဆုံးဈေးနှုန်းသတ်မှတ်ချက် အမိန့်ကြော်ငြာစာအမှတ် ၃၉ နှင့်စပ်လျဉ်း၍ ထပ်မံဖြစ်ပေါ်လာနိုင်သည့် အကျိုးသက်ရောက်မှုများအား ဂရုတစိုက်လေ့လာသွားရန် လိုအပ်ကြောင်း သမ္မတမားကို့စ်မှ ပြောကြားခဲ့ပါသည်။

ထို့ပြင် သမ္မတမားကို့စ်မှ ဖိလစ်ပိုင်လူမှုဖူလုံရေးဝန်ကြီးဌာနသို့ အမိန့်ကြော်ငြာစာ ၃၉ ကြောင့် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်ခဲ့ရသည့် ဆန်လက်လီအရောင်းဆိုင်များအား ငွေသားပီဆို- ၁၅,၀၀၀ စီ ထောက်ပံ့ပေးသွားရန်နှင့် pantawid Pamilyang Pilipino Program (4Ps) အရ ဆန်များ ဖြန့်ဝေ ပေးသွားရန်ကို ညွှန်ကြားခဲ့ကြောင်းလည်း ဖော်ပြပါရှိပါသည်။

 

 

Source; https://pco.gov.ph/news_releases/pbbm-thumbs-down-proposed-rice-tariff-reduction/

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ ဖိလစ်ပိုင်)

Category: International News