ငွေကြေးအကန့်သတ်ရှိသည့် အမေရိကန်နိုင်ငံသားများအတွက် အမေရိကန်နိုင်ငံ၌ ဈေးသက်သာသည့်မော်တော်ယာဉ်များဝယ်ယူရန် ရှာဖွေရသည်မှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာခဲ့ပြီး မက္ကဆီကိုနိုင်ငံတွင် ထုတ်လုပ်သည့် မော်တော်ယာဉ်များအပေါ် အကောက်ခွန်နှုန်းအသစ်များ သတ်မှတ်ကောက်ခံခြင်းသည် ယင်းပြဿနာကို ပို၍ဆိုးရွားစေခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ဖော်ပြခဲ့ပါသည်။
အမေရိကန်နိုင်ငံတွင် ရောင်းချလျက်ရှိသည့် မော်တော်ယာဉ်သုံးပုံတစ်ပုံ၏ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ (၃၀,၀၀၀) အောက်ရှိပြီး ၎င်းမော်တော်ယာဉ်များသည် မက္ကဆီကိုနိုင်ငံထုတ် မော်တော်ယာဉ်များဖြစ်ကာ Nissan Sentra ၊ Ford Maverick နှင့် အခြားနာမည်ကြီးတံဆိပ်များပါဝင်ကြောင်း၊ လွန်ခဲ့သော (၁၀)စုနှစ်အတွင်း အမေရိကန်နိုင်ငံတွင်ရောင်းချသည့် မော်တော်ယာဉ် ငါးပုံတစ်ပုံခန့်ကိုသာ မက္ကဆီကိုနိုင်ငံတွင် ထုတ်လုပ်ခဲ့ကြောင်း၊ မက္ကဆီကိုနိုင်ငံသည် ထုတ်လုပ်မှုစရိတ်ကြီးမားသည့် အမေရိကန်မော်တော်ယာဉ်ထုတ်လုပ်သူများအတွက် တန်ဖိုးနည်း မော်တော်ယာဉ်များ ထုတ်လုပ်ရာ နေရာတစ်ခုဖြစ်လာခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်က မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ သွင်းကုန်များအပေါ် အကောက်ခွန် (၂၅) ရာခိုင်နှုန်း ကောက်ခံမည်ဟု ပြောကြားခဲ့ရာ ယင်းသို့ ပြောကြားခဲ့ခြင်းသည် ၎င်း၏ ပထမအကြိမ်သမ္မတသက်တမ်းအတွင်း ညှိနှိုင်းချုပ်ဆိုခဲ့သည့် အမေရိကန်-မက္ကဆီကို-ကနေဒါ လွတ်လပ်စွာကုန်သွယ်မှုသဘောတူစာချုပ် (U.S. – Mexico – Canada Agreement, USMCA) ကို ဖျက်သိမ်းနိုင်သည့် သဘောသက်ရောက်ခဲ့ကြောင်း၊ မော်တော်ယာဉ်ရောင်းဝယ်သူများနှင့် လေ့လာဆန်းစစ်သူများက အကောက်ခွန်နှုန်းသတ်မှတ်ကောက်ခံခြင်းသည် စားသုံးသူများအတွက် ဈေးနှုန်း မြင့်မားလာစေမည်ဖြစ်ပြီး အထူးသဖြင့် ဈေးသက်သာသည့် မော်တော်ယာဉ်များနှင့် SUVs များကို ထိခိုက်မှုအများဆုံးဖြစ်နိုင်ကြောင်း၊ ဈေးသက်သာသည့်အခြားမော်တော်ယာဉ်တံဆိပ်တစ်ခုဖြစ်သည့် Honda Civic Sedan ကို ကနေဒါနိုင်ငံတွင် ထုတ်လုပ်ခြင်းဖြစ်ရာ အကောက်ခွန်နှုန်းသတ်မှတ် ကောက်ခံခြင်းသည် ကုန်ထုတ်လုပ်သူများနှင့် စားသုံးသူများအပေါ်စရိတ်မြင့်မားစေနိုင်ကြောင်း၊ Wolfe Research အဖွဲ့၏ ခန့်မှန်းချက်အရ ဒေါ်နယ်ထရမ့်၏အကောက်ခွန်အဆိုပြုချက်ကြောင့် အမေရိကန်နိုင်ငံတွင်ရောင်းချသည့် မော်တော်ယာဉ်များ၏ ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ (၃,၀၀၀) အထိ တိုးလာနိုင်ကြောင်း၊ မက္ကဆီကိုနိုင်ငံ၌ မော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီများတွင် KIA မော်တော်ယာဉ်ကုမ္ပဏီလည်းပါဝင်ရာ အမေရိကန်နိုင်ငံတွင် ရောင်းချသည့် ၎င်း၏ Forte နှင့် K4 compact sedans များကို မက္ကဆီကိုနိုင်ငံတွင် ထုတ်လုပ်လျက်ရှိကြောင်း၊ ယင်းမော်တော်ယာဉ် အမျိုးအစားများသည် အမေရိကန်နိုင်ငံရှိ KIA ၏ရောင်းအား (၁၈) ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း၊ ထို့ကြောင့် မြောက်အမေရိကန်နိုင်ငံများ၏ သွင်းကုန်များကို အကောက်ခွန်သတ်မှတ်ကောက်ခံခြင်းသည် အမေရိကန်မော်တော်ယာဉ်လုပ်ငန်းများအပေါ် အထောက်အကူမဖြစ်စေဘဲ ထိခိုက်မှုများနိုင်ကြောင်း သိရှိရပါသည်။
မက္ကဆီကိုနိုင်ငံရှိ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်သည့်စက်ရုံ (၂၀) ကျော်မှ နှစ်စဉ် မော်တော်ယာဉ်အစီးရေ (၄)သန်းခန့်တပ်ဆင်ထုတ်လုပ်လျက်ရှိပြီး ယင်း၏ (၇၀)ရာခိုင်နှုန်းကို အမေရိကန်နိုင်ငံ၌ ရောင်းချရန် တင်ပို့လျက်ရှိပါသည်။ ၁၉၉၄ ခုနှစ်တွင် မြောက်အမေရိကန်လွတ်လပ် စွာကုန်သွယ်မှုသဘောတူစာချုပ် (North American Free Trade Agreement, NAFTA) ချုပ်ဆိုပြီး နောက်ပိုင်း မော်တော်ယာဉ်ကုမ္ပဏီများသည် မက္ကဆီကိုနိုင်ငံ၌ ထုတ်လုပ်ရန် အများအပြားဝင်ရောက် ခဲ့ကြရာ မက္ကဆီကိုနိုင်ငံသည် အသေးစားမော်တော်ယာဉ်များနှင့် SUVs ထုတ်လုပ်သည့် အရေးပါသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ကြောင်း၊ မက္ကဆီကိုနိုင်ငံသည် ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာပြီး အဆိုပါ Models များထုတ်လုပ်ခြင်းဖြင့် အမြတ်များရရှိကြကြောင်း၊ ထို့အပြင် မော်တော်ယာဉ်အစိတ်အပိုင်းများ တပ်ဆင်သည့်စက်ရုံများရှိ လုပ်သားများ၏လုပ်ခလစာမှာ တစ်နာရီလျှင် (၃.၅၀) ဒေါ်လာမှ (၄.၃၀) ဒေါ်လာအထိသာရှိပြီး အမေရိကန်နိုင်ငံတွင် တစ်နာရီလျှင် (၃၃) ဒေါ်လာပေးရကြောင်း သိရှိရပါသည်။
ဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သမ္မတသက်တမ်းတွင် NAFTA နေရာ၌ USMCA ကိုအစားထိုးချုပ်ဆိုခဲ့ပြီး အကောက်ခွန်ကင်းလွတ်ခွင့်ကို ဆက်လက်ထားရှိခဲ့ပါကြောင်း၊ အသစ်ချုပ်ဆိုခဲ့သည့် USMCA အရ ကုန်ထုတ်လုပ်ငန်းများအနေဖြင့် အကောက်ခွန်နှုန်းကို ရှောင်ရှားရန်အတွက် မြောက် အမေရိကနိုင်ငံများမှ ပါဝင်ပစ္စည်းသည် (၄၀)ရာခိုင်နှုန်းမှ (၄၅)ရာခိုင်နှုန်းအထိ ပါဝင်ရမည်ဖြစ်ရာ မော်တော်ယာဉ်ထုတ်လုပ်မှုဖြစ်ပါက မြောက်အမေရိကနိုင်ငံများမှ အလုပ်သမားများ၏လုပ်အား ပါဝင်မှု အနည်းဆုံး (၁၆) နာရီရှိရမည်ဖြစ်ကြောင်း သိရှိရပါသည်။
BMW နှင့် Toyota Motor တို့သည်လည်း ၂၀၁၉ ခုနှစ်တွင် မက္ကဆီကိုနိုင်ငံ၌ လုပ်ငန်းများ တိုးချဲ့ဖွင့်လှစ်ခဲ့ကြပြီး General Motors ၏ အမေရိကန်နိုင်ငံ၌ရောင်းချသည့်မော်တော်ယာဉ် သုံးပုံတစ်ပုံကို လည်းကောင်း၊ Mazda Motor ၏ Compact Mazda3 ကိုလည်းကောင်း မက္ကဆီကိုနိုင်ငံ၌ ထုတ်လုပ်လျက်ရှိပါသည်။ ထို့ကြောင့် မော်တော်ယာဉ်ထုတ်လုပ်သူများအနေဖြင့် ဒေါ်နယ်ထရမ့်၏ အကောက်ခွန်သတ်မှတ်ကောက်ခံမှုသည် ညှိနှိုင်းဆွေးနွေးသည့်နည်းလမ်း (Negotiating tactic) တစ်ခုဖြစ်ရန်ကိုသာ စောင့်ကြည့်လေ့လာလျက်ရှိကြောင်း သိရှိရပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။