ဒေါ်နယ်ထရမ့်က ပနားမားတူးမြောင်းအား ထိန်းချုပ်မှုကို အမေရိကန်က ပြန်လည်လက်လွှဲယူနိုင်သည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ဖော်ပြထားပါသည်။
မိုင် (၅၀) ရှည်လျားသည့် ပနားမားတူးမြောင်းမှတစ်ဆင့် ကမ္ဘာ့ကုန်သွယ်ရေး၏ (၄) ရာခိုင်နှုန်း ကို ဖြတ်သန်းပို့ဆောင်လျက်ရှိရာ ကမ္ဘာ့စီးပွားရေးနှင့် အမေရိကန်စားသုံးသူများအတွက် အရေးပါကြောင်း၊ ချီလီနိုင်ငံမှ ဝိုင်၊ အီကွေဒေါ်နိုင်ငံမှ ငှက်ပျောသီးများကို ပနားမားတူးမြောင်းအား ဖြတ်သန်းလျက် အမေရိကန်အရှေ့ဘက်ကမ်းခြေသို့ ပို့ဆောင်လျက်ရှိပြီး အမေရိကန်ကမ်းခြေတစ်ခုမှတစ်ခုသို့ Liquefied Natural Gas, LNG ပို့ဆောင်ရာတွင် ယင်းတူးမြောင်းကို ဖြတ်သန်းရကြောင်း၊ အမေရိကန်နိုင်ငံသည် ပနားမားတူးမြောင်း အသုံးပြုမှုအများဆုံးဖြစ်ပြီး တရုတ်နိုင်ငံသည် ဒုတိယအများဆုံးဖြစ်ကြောင်းသိရှိရပါသည်။
ဒေါ်နယ်ထရမ့်က ၂၂-၁၂-၂၀၂၄ ရက်၌ ဖီးနစ်မြို့၌ ကျင်းပသည့်ကွန်ဖရင့်တွင် ပနားမား တူးမြောင်းကို မှားယွင်းသူများ၏လက်ဝယ်၌ မရောက်ရှိစေရန် အမေရိကန်နိုင်ငံက ပြန်လည်ထိန်းချုပ်မှုရယူရန် ပြောကြားခဲ့သော်လည်း ထိန်းချုပ်မှုရယူရန် မည်သို့ဆောင်ရွက်မည်ကို သေချာစွာ ပြောကြားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။ ဒေါ်နယ်ထရမ့်၏ ပနားမားတူးမြောင်းနှင့်ပတ်သက်၍ ပြောဆိုချက်အပေါ် ပနားမားသမ္မတကပယ်ချခဲ့ပြီး ပနားမားတူးမြောင်းနှင့် ယင်း၏မျက်နှာချင်းဆိုင်ရှိ မြေဧရိယာသည် ပနားမားနိုင်ငံကပိုင်ဆိုင်ပြီး ပနားမားနိုင်ငံအနေဖြင့် နိုင်ငံ၏အချုပ်အချာအာဏာနှင့် လွတ်လပ်ရေးကို ညှိနှိုင်းမည်မဟုတ်ဟု တုံ့ပြန်ပြောကြားခဲ့ပါသည်။ ထို့နောက်တွင် ဒေါ်နယ်ထရမ့်က ၎င်း၏လူမှုကွန်ရက်တွင် “အမေရိကန်တူးမြောင်းမှ ကြိုဆိုပါ၏” ဟူသောစာသားကို ရေးသား၍ တုံ့ပြန်ခဲ့ပါသည်။ ပနားမား နိုင်ငံ၏အိမ်နီးချင်း ကိုလံဘီယာသမ္မတက ပနားမားနိုင်ငံနှင့်အတူ အဆုံးထိရပ်တည်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ပနားမားနိုင်ငံသည် တူးမြောင်းအပေါ် အလုံးစုံထိန်းချုပ်မှုရရှိပြီးနောက်ပိုင်းတွင် တူးမြောင်းမှ သင်္ဘောကြီးများ ဖြတ်သန်းသွားလာနိုင်ရန် အမေရိကန်ဒေါ်လာ (၅) ဘီလီယံသုံးစွဲ၍ တူးမြောင်းရှိ တံခါးများတည်ဆောက်ခဲ့ကြောင်း၊ သို့ရာတွင် တူးမြောင်းအတွင်းရှိရေလမ်းကြောင်းတိမ်ကောလာသဖြင့် ကမ္ဘာ့ကုန်သွယ်ရေးကို ပြတ်တောက်စေနိုင်သည့် ကာလရှည်ပြဿနာများနှင့် ကြုံတွေ့လျက်ရှိရာ တူးမြောင်းဖြတ်သန်းခကို တိုးမြှင့်ကောက်ခံခြင်း၊ သင်္ဘောများဖြတ်သန်းမှုကို ကန့်သတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ရကြောင်း၊ ထို့အပြင် တူးမြောင်းအာဏာပိုင်များက အမေရိကန်ဒေါ်လာ (၂)ဘီလီယံ အသုံးပြု၍ တူးမြောင်း၏အခြေခံအဆောက်အအုံများကို ထိန်းသိမ်းရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပနားမားတူးမြောင်းအား အမေရိကန်ထံမှ အပြည့်အဝလွှဲပြောင်းရယူပြီးနောက်ပိုင်းတွင် အသုံးပြုသူများထံမှ တိုင်ကြားချက်တစ်စုံတစ်ရာ မရှိခဲ့ပါကြောင်း သိရှိရပါသည်။
ပနားမားနိုင်ငံသည် ပနားမားတူးမြောင်းနှင့် တူးမြောင်းနယ်နိမိတ်ရှိဧရိယာများကို ထိန်းချုပ်မှုရရှိရန် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ရကြောင်း၊ ယခင်ရက်သတ္တပတ်များတွင် ပနားမားတူးမြောင်းအာဏာပိုင်အဖွဲ့က တူးမြောင်းလွှဲပြောင်းရယူနိုင်ခြင်းသည် နိုင်ငံအတွက်ဂုဏ်ဒြပ်တစ်ခု ဖြစ်သည်ဟုဖော်ပြသော တီဗီကြော်ငြာတစ်ခုကို ထုတ်လွှင့်ခဲ့ပြီး ၁၉၆၄ ခုနှစ်၊ ပနားမားတူးမြောင်း၏ နယ်နိမိတ်ရှိ (၁၀)မိုင်အကျယ်ကို အမေရိကန်ကထိန်းချုပ်ထားမှုကို ဆန့်ကျင်သဖြင့် အသက်ဆုံးရှုံးခဲ့ရသည့် ပနားမားနိုင်ငံသား (၂၀)ဦးကို ဂုဏ်ပြုသောအားဖြင့် ဇန်နဝါရီလ ၉ ရက်တွင် ပနားမားနိုင်ငံ၏ အာဇာနည်နေ့ကို ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ။