International News

အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် ခန့်မှန်းချက်များမှ သွေဖီလျက်ရှိ

Last Updated:

အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် ခန့်မှန်းချက်များမှ သွေဖီလျက်ရှိကြောင်းကို ၂-၉-၂၀၂၃ ရက်တွင် US News အွန်လိုင်းသတင်းတွင် “Resilient U.S. Economy Defies Expectations” ခေါင်းစဉ်ဖြင့် ဖော်ပြထားရှိပါသည်။  

အမေရိကန်နိုင်ငံ၏ စီးပွားရေးအနေဖြင့် မည်သည့် အကြောင်းအရင်းများကြောင့် စီးပွားရေးကျဆင်းမှု ဖြစ်စေမည့်အခြေအနေမှ သွေဖယ်လျက်ရှိကြောင်းကို အကြောင်းအရင်း (၃) ခုဖြင့် ဖော်ပြ နိုင်ကြောင်း၊ ပထမအကြောင်းရင်းမှာ အလုပ်လုပ်နိုင်သည့် အလုပ်သမားအင်အား တိုးလာပြီး ဈေးနှုန်း များ ကျဆင်းလာခြင်းသည် အမေရိကန်၏ ငွေကြေးဖောင်းပွမှုကို ချိန်ညှိပေးကြောင်း (သို့မဟုတ်) ယခုနှစ်၏ အမှန်ဝင်ငွေသည် အလုပ်ခန့်ထားမှုကို တိုးလာစေပြီး ငွေပို၍ သုံးစွဲစေခြင်းကြောင့် ဖြစ်ပါကြောင်း၊ ဒုတိယ အကြောင်းရင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပုံမှန်မဟုတ်သော ငွေသုံးစွဲမှုပုံစံများဖြစ်ပေါ်စေပြီး အလုပ်သမား၊ အိမ်ခြံမြေဈေးကွက်နှင့် ကုန်ပစ္စည်းပြတ်လပ်မှုတို့ကို ဖြစ်ပေါ်စေပါကြောင်း၊ ဤသို့သော အခြေအနေများကြောင့် Pent-up demand ကို ဖြစ်စေပြီး ဈေးနှုန်းမြင့်တက်လာစေပါကြောင်း၊ တတိယအကြောင်းရင်းမှာ အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူ များအား ချေးငွေစရိတ်သက်သာစေရန် အတိုးနှုန်းကို အောက်ဆုံးတွင် သတ်မှတ်ထားခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးတွင် ငွေလည်ပတ်စေရန် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အကျိုးဆက်အနေဖြင့် ငွေကြေး ဖောင်းပွမှုလျှော့ချရေးအက်ဥပဒေ (Inflation Reduction Act) နှင့် အမေရိကန်ဒေါ်လာ (၅၃) ဘီလီယံ တန်ဖိုးထောက်ပံ့မည့်  သိပ္ပံပညာရပ်နှင့် ချိပ်ထုတ်လုပ်မှု အက်ဥပဒေ ($53 billion Chips and Science Act) အပါအဝင် ပြည်ထောင်စု၏ ဘဏ္ဍာငွေသုံးစွဲမှုကို မြှင့်တင်ခဲ့ပြီး ကုန်ထုတ်လုပ်မှုတွင် ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှု တိုးလာစေရန် စေ့ဆော်ပေးခဲ့ခြင်းတို့ဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်စီးပွားရေး၏ အလုပ်သမားဈေးကွက်သို့ အမေရိကန်နိုင်ငံသားများနှင့် ရွေ့ပြောင်းလုပ်သားများဝင်ရောက်လာခြင်းကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ နောက်ပိုင်းအလုပ်သမား ပြတ်လပ်မှု ကို ဖြေရှင်းနိုင်ခဲ့ပါကြောင်း၊ ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ အလုပ်သမားများ ကုမ္ပဏီမှ မထွက်ခွာ သွားစေရန် လုပ်ခလစာတိုးပေးခဲ့ကြပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် လုပ်ခလစာသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက (၃.၈) ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါကြောင်း၊  လုပ်ခလစာ တိုးလာခြင်းကြောင့် အလုပ်သမားများ ငွေသုံးစွဲမှု ပိုများလာခဲ့ပါကြောင်း ဖော်ပြထားပါသည်။

သို့ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါမှ ပြန်လည်နလန်ထူလာမှုသည် ကဏ္ဍတစ်ခုနှင့် တစ်ခု ကွဲပြားပြီး အချို့စက်မှုလုပ်ငန်းများ ကျဆင်းမှု (recession) နှင့် ရင်ဆိုင်ကြရပါကြောင်း၊ အချို့ကဏ္ဍများသည် အထူးသဖြင့် အတိုးနှုန်းအတက်အကျကြောင့် ထိခိုက်မှုရှိနိုင်ပါကြောင်း၊ မော်တော်ကား ထုတ်လုပ်မှုကဏ္ဍသည် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင် စီးပွားရေးတိုးတက်မှုကြောင့် ဝယ်လိုအားတက်လာမှုအပေါ် ကောင်းစွာတုန့်ပြန်နိုင်မှု မရှိခဲ့သော်လည်း ယခုအခါ ပြန်လည်၍ တည်ငြိမ်လာခဲ့ပြီဖြစ်ပါကြောင်း၊ အမေရိကန်အစိုးရ အနေဖြင့် အိမ်ထောင်စုများအား အမေရိကန် ဒေါ်လာ ထရီလီယံပေါင်းများစွာ ထောက်ပံ့ပေးခဲ့သဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ပြီးနောက် ပုံမှန်ငွေသုံးစွဲမှုပုံစံကဲ့သို့ အိမ်ထောင်စုများအား ငွေပိုစုစေခဲ့ပါကြောင်း၊ ဆောက်လုပ်ရေး ကုမ္ပဏီများသည် အသက်ကြီးလာသည့် အလုပ်သမားထု၊ တိကျသေချာမှုမရှိသည့် ရွေ့ပြောင်းလုပ်သားမူဝါဒနှင့် ဝယ်လိုအားတက်လာမှုစသည့် ခြိမ်းခြောက်မှု (၃) မျိုးနှင့် ရင်ဆိုင်နေရပါကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

 

Category: International News