International News

၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်အခြေအနေသည် ပြန်လည်ကောင်းမွန်လာ

Last Updated:

ယခုနှစ်အတွင်း ထိုင်းပို့ကုန်သည် ၁၁ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကောင်းမွန် လာပါကြောင်း၊ ကမ္ဘာတစ်ဝှမ်း ထုတ်လုပ်မှုကဏ္ဍတွင် တိုးတက်မှု အခြေအနေများ၊ စားသုံးသူများ၏ သုံးစွဲမှုအခြေအနေသည် မြင့်တက်လာခြင်းနှင့် ကုန်သွယ်ရေး မိတ်ဖက်များအကြား ဝန်ဆောင်မှု ကဏ္ဍများ ချဲ့ထွင်လာခြင်းတို့သည် ပို့ကုန်တိုးမြှင့်စေရေးအတွက် ပံ့ပိုးပေးသည့် အချက်များဖြစ်ကြောင်း ထိုင်းနိုင်ငံစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

ပို့ကုန်တိုးမြင့်လာခြင်းသည် သန့်ရှင်းသောစွမ်းအင်မူဝါဒကို မြှင့်တင်ခြင်း၊ နည်းပညာဆိုင်ရာ ထုတ်ကုန်များ၏ ဝယ်လိုအား မြင့်တက်လာခြင်းနှင့် ဘတ်ငွေတန်ဖိုးကျဆင်းခြင်းတို့သည်လည်း ပို့ကုန်အပေါ် အပြုသဘောလွှမ်းမိုးမှုဖြစ်လာခဲ့ပါကြောင်း၊ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းများအရ အကောက်ခွန်ရှင်းလင်းခဲ့သည့် ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၄.၃ ဘီလီယံ၊ သွင်းကုန် တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃.၉ ဘီလီယံဖြစ်ပြီး ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၃၆၀ သန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

စိုက်ပျိုးရေးနှင့် စက်မှုလယ်ယာထုတ်ကုန်များတင်ပို့ခဲ့မှုသည် အမေရိကန်ဒေါ်လာ ၄.၀၃ ဘီလီယံ၊ စက်မှုထုတ်ကုန်များ၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၉.၂ ဘီလီယံဖြစ်ပါကြောင်း၊ ပထမ ၈ လအတွင်း ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ် ၁၈၈ ဘီလီယံနှင့် သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၉၆ ဘီလီယံဖြစ်သဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၇.၉၂ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း၊ ဩဂုတ်လအတွင်း ထိုင်းပို့ကုန်သည် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကောင်းမွန်ခဲ့ပါကြောင်း၊ ပို့ကုန်ကျဆင်းခဲ့သည့် မှတ်တမ်းများအရ အိန္ဒိယ (-၆.၉ ရာခိုင်နှုန်း)၊ ထိုင်ဝမ် (-၇.၃ ရာခိုင်နှုန်း)၊ တောင်ကိုရီးယား (-၈.၃ ရာခိုင်နှုန်း)၊ တရုတ် (-၈.၈ ရာခိုင်နှုန်း)၊ စင်ကာပူ (-၁၂.၆ ရာခိုင် နှုန်း)၊ မလေးရှား (-၂၁.၂ ရာခိုင်နှုန်း) နှင့် အင်ဒိုနီးရှား (-၂၁.၂ ရာခိုင်နှုန်း) အသီးသီးကျဆင်းခဲ့ပါကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Mr. Keerati Rushchano က ပြောကြားခဲ့ပါသည်။

စိုက်ပျိုးရေးထုတ်ကုန်များဖြစ်သည့် လတ်ဆတ်နှင့် အေးခဲအသီးအနှံများသည် ၉၉.၈ ရာခိုင်နှုန်း၊ ဆန် ၁၀.၈ ရာခိုင်နှုန်း၊ ဟင်းခတ် အမွှေးအကြိုင်များ ၂၈.၆ ရာခိုင်နှုန်း၊ စည်သွတ်နှင့် ပြုပြင်ပြီး အသီးအရွက်များ ၂၆.၅ ရာခိုင်နှုန်း၊ နို့နှင့် နို့ထွက်ပစ္စည်း ၁၃.၂ ရာခိုင်နှုန်းနှင့် လတ်ဆတ်၊ အေးခဲနှင့် အသီးအရွက်ခြောက်များ ၂၂.၈ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ပါကြောင်း၊ စက်မှုထုတ်ကုန်များ ဖြစ်သည့် မိုဘိုင်းဖုန်းနှင့် မော်တော်ယာဉ် အစိတ်အပိုင်းများ ၅.၂ ရာခိုင်နှုန်း၊ လျှပ်စစ်ဆားကစ်စ်ပြား ၃၉.၈ ရာခိုင် နှုန်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ၇၄.၅ ရာခိုင်နှုန်း၊ ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများ ၅၉.၁ ရာခိုင် နှုန်းနှင့် ကွန်ပျူတာနှင့် အစိတ်အပိုင်းများ ၂၆.၉ ရာခိုင်နှုန်း အသီးသီးတိုးမြှင့်တင်ပို့နိုင်ခဲ့ပါကြောင်း အမြဲတမ်းအတွင်းဝန်က အသေးစိတ်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ယခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း မှာယူမှုများ မြင့်တက်နေသဖြင့် ပို့ကုန်တိုးမြင့်နိုင်မည်ဟု ခန့်မှန်းပါကြောင်း၊ နှစ်စဉ်ပို့ကုန်တိုးတက်မှု ခန့်မှန်းချက်သည် ၁-၂ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် ပုဂ္ဂလိကကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားပါသည်။  

 

 

 

Source: https://www.bangkokpost.com/business/general/2653443/thai-exports-rebound-in-august-after-long-decline

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: International News