International News

ပြည်တွင်းလိုအပ်ချက်အားဖြည့်တင်းရန် ဖိလစ်ပိုင်နိုင်ငံမှ ကြက်သွန်ဖြူ၊ကြက်သွန်နီ တန်ချိန် ၁၂၀,၀၀၀ မက်ထရစ်တန်တင်သွင်း

Last Updated:

ဖိလစ်ပိုင်နိုင်ငံသည် ပြည်တွင်းလိုအပ်ချက်အားဖြည့်တင်းရန် ကြက်သွန်ဖြူ၊ ကြက်သွန်နီ တန်ချိန် ၁၂၀,၀၀၀ မက်ထရစ်တန်တင်သွင်းခဲ့ကြောင်း Bureau of Plant and Industry ၏ ကိန်းဂဏန်းများအရသိရှိရပါကြောင်း၊(၇-၁၂-၂၀၂၃)ရက်စွဲပါကိန်းဂဏန်းများအရကြက်သွန်ဖြူတန်ချိန် ၈၆,၁၉၄.၂၅၇ မက်ထရစ်တန်၊ကြက်သွန်နီတန်ချိန် ၃၃,၂၃၃.၇၄၂ မက်ထရစ်တန်နှင့် စုစုပေါင်းတန်ချိန် ၁၁၉,၄၂၇.၉၉၉ မက်ထရစ်တန်တင်သွင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ခုနှစ်၊ဇန်နဝါရီလကတည်းက တင်သွင်းရန်ခွင့်ပြုချက်ရထားသည့် ပမာဏ၏တစ်ဝက်ခန့် ဖြစ်သောကြက်သွန်ဖြူတန်ချိန် ၁၆၈,၈၆၉.၅ မက်ထရစ်တန်သာ ရောက်ရှိသေးပါကြောင်း၊ ပိုးမွှားကင်းစင်ကြောင်း Sanitary and Phytosanitary Import Clearance(SPSICs) ၃,၄၀၂ စောင်အား Bureau of Plant and Industry မှ တင်သွင်းမည့်ပမာဏများအတွက် ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ SPSICs ထုတ်ပေးမှု၏ ၆၄% နီးပါးခန့်သာ ပုဂ္ဂလိကကုန်သည်များနှင့် ကြက်သွန်နီတင်သွင်းသူများက အသုံးချ ရသေးသည်ကို တွေ့ရှိရပါကြောင်း၊ ၇-၁၂-၂၀၂၃ ထိ အသုံးမပြုရသေးသည့် SPSICs ၁,၂၂၅ ကျန်ရှိသေးကြောင်း Bureau of Plant and Industry မှ ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ်တွင် ကြက်သွန်ဖြူတင်သွင်းမှု စုစုပေါင်းတန်ချိန် ၁၀၂,၀၆၀.၄ မက်ထရစ်တန်ထိ မြင့်တက်ခဲ့သော်လည်း ပြည်တွင်းဖူလုံမှု ၅.၅% ကျဆင်းခဲ့ကြာင်း Philippines Statistics Authority (PSA) ၏ကိန်းဂဏန်းဖော်ပြချက်များအရ သိရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံသားများသည် ပြည်ပမှတင်သွင်းသည့် ကြက်သွန်ဖြူများအား ပိုမိုဝယ်ယူလေ့ရှိပြီး ပြည်တွင်းကြက်သွန်ဖြူဈေးနှုန်းထက် ပိုမိုသက်သာ၍ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် အစောပိုင်းကာလ အချက်အလက်များအရသိရှိရပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည်လွန်ခဲ့သောဆယ်စုနှစ်တာကာလအတွင်း ပြည်တွင်းကြက်သွန်ဖြူထုတ်လုပ်နိုင်မှုမှာပြည်တွင်းလိုအပ်ချက်အား မပြည်မီသဖြင့် ပြည်ပမှတင်သွင်းခြင်းကို မှီခိုအားထားနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။

ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှထုတ်ပြန်သောဈေးနှုန်းဖော်ပြချက်များအရ မြို့တော်မနီလာတွင် ရောင်းချသည့် ပြည်ပမှတင်သွင်းသည့် ကြက်သွန်ဖြူဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို-၁၂၀ (ကျပ်-၆,၅၀၀) မှ ပီဆို-၂၀၀ (ကျပ်-၁၁,၀၀၀) ကြားရှိပါကြောင်း၊  ပြည်တွင်းကြက်သွန်ဖြူးဈေးနှုန်းမှာ တစ်ကီလိုလျှင် ပီဆို-၅၀၀ ခန့် (ကျပ်-၂၇,၅၀၀) ခန့်ရှိသဖြင့် ဈေးနှုန်းမှာ နှစ်ဆကျော်ခန့်ကွာဟပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်နိုင်မှုမှာ ၁၉၉၀ ခုနှစ်မှစ၍ နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၂၀၂၂ ခုနှစ်သည် အနိမ့်ဆုံးစိုက်ပျိုးထုတ်လုပ်နိုင်သည့် နှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး တန်ချိန် ၅,၈၈၄.၉၃ မက်ထရစ်တန်သာ ထုတ်လုပ်နိုင်ခဲ့ကြောင်း Philippines Statistical Authority ၏ ကိန်း ဂဏန်းဖော်ပြချက် စစ်တမ်းများအရ သိရှိရပါသည်။

ယခင်နှစ်အဆက်ဆက်အစောဆုံးကိန်းဂဏန်းများကိုကြည့်ပါကဖိလစ်ပိုင်နိုင်ငံ၏ကြက်သွန်ဖြူ တင်သွင်းမှုသည်  ၁၉၉၁ ခုနှစ်ကရှိခဲ့ပြီး ထိုအချိန်က ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံမဖြစ်သေးသည့် ကာလဖြစ်ပါကြောင်း၊ (၁-၁-၁၉၉၅) ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ အဖွဲ့ဝင်အဖြစ်ဝင်ရောက်ပြီးနောက်ပိုင်း ၁၉၉၆ ခုနှစ်မှစ၍ နိုင်ငံစုံကုန်သွယ်ရေးစနစ်ဖြေလျှော့ပေးမှု အစီအစဉ် (Multilateral Trading System Liberalization) အရ ပြည်တွင်းစိုက်ပျိုးရေးစက်မှုကဏ္ဍ အတွက်ပါဝင်ဆောင်ရွက်မှုတစ်ခုအနေဖြင့် ကြက်သွန်ဖြူတင်သွင်းမှုအား စတင်ခဲ့ပါသည်။ နောက်ဆုံး ကိန်းဂဏန်းဖော်ပြချက်များအရ ၇-၁၂-၂၀၂၃ ရက်နေ့အထိ ကြက်သွန်နီ အဝါရောင်(Yellow Onions) တင်သွင်းမှုတန်ချိန် ၂၂,၃၂၂.၇၅၃ မက်ထရစ်တန်နှင့် ကြက်သွန်နီ (Red Onions) တင်သွင်းမှုတန်ချိန် ၁၀,၉၁၀.၉၈၉ မက်ထရစ်တန် တင်သွင်းပြီးဖြစ်ပါကြောင်း သိရှိရပါသည်။

စုစုပေါင်းတင်သွင်းခွင့်ပြုထားသည့် ကြက်သွန်နီ အဝါရောင်တန်ချိန်ပမာဏ ၃၁,၀၃၂.၆၅၅ မက်ထရစ်တန်အတွက် SPSICs ၆၅၄ ခု ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ ဧပြီလထိ ကြက်သွန်နီအဝါရောင် စိုက်ပျိုးထွက်ရှိသည့်ကာလအတွက် SPSICs အား မထုတ်ပေးခဲ့ပါ ကြောင်း၊ ၇-၁၂-၂၀၂၃ ရက်နေ့အထိ SPSICs ထုတ်ပေးထားသည့်ပမာဏ၏ ၇၂% နီးပါး တင်သွင်းခဲ့ပြီး ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

အလားတူ ကြက်သွန်နီ (Red Onions) တင်သွင်းမှုအတွက် SPSICs ၄၈၅ ခု ထုတ်ပေးထားပြီး ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ အောက်တိုဘာလထိ ကြက်သွန်နီစိုက်ပျိုးထွက်ရှိသည့် ကာလအတွက် SPSICs ထုတ်ပေးခဲ့ခြင်းမရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကြက်သွန်နီတင်သွင်းခွင့်ပြုထား သည့်စုစုပေါင်းပမာဏ၏ ၄၅.၂၉% ခန့်မျှသာ တင်သွင်းထားပြီးဖြစ်ကြောင်း Bureau of Plant and Industry မှ ပြောကြားထားပါသည်။

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ကြက်သွန်နီအကြပ်အတည်းအား ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှ ၂၀၂၃ ခုနှစ် အစောပိုင်းကာလများအထိကြုံတွေ့ခဲ့ရပါကြောင်း၊ အစိုးရအနေဖြင့်ပြည်တွင်းထုတ်လုပ်မှုအား ဦးစားပေးသည့်အနေဖြင့်  ကြက်သွန်နီတင်သွင်းဝင်ရောက်မှုကို ကန့်သတ်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်  နှစ်ကုန်ပိုင်းကာလများတွင် ကြက်သွန်နီလိုအပ်ချက် ၂၈၈,၀၁၈ မက်ထရစ်တန်အနက် ၂၈၅,၇၈၁ မက်ထရစ် တန်သာဖူလုံမှုရှိခဲ့သဖြင့် စိုက်ပျိုးရေးဝန်ကြီးဌာနမှ ကြိုတင်ခန့်မှန်းထားသည့် ကြက်သွန်နီလိုအပ်ချက်  ၂,၂၃၇ မက်ထရစ်တန် ပေါ်ပေါက်ခဲ့ပါကြောင်း ဖော်ပြထားပါသည်။

 

 

 

Source; https://businessmirror.com.ph/2023/12/25/phl-imports-120000-mt-onions-garlic-to-fill-local-need-bpi-data/

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News