Local News

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလတွင် သွေးခုံး ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ နိုဝင်ဘာလတွင် သွေးခုံး ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဘိုကလေးမြို့နယ် ‌ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်လဲ့လဲ့ဝင်းက ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်မှ ဒေသထွက် ‌ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကာ အောက်တိုဘာလက သွေးခုံးပိဿာချိန် ၅၄၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး နိုဝင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ သွေးခုံးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ တင်ပို့ရောင်းချခဲ့သည့် သွေးခုံး ၁၀ ပိဿာလျှင် ငွေကျပ် ၉၅၀၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။

“ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း သွေးခုံးတွေကို ရန်ကုန်ဈေးကွက်သို့ တင်ပို့အားကောင်းခဲ့ပါတယ်။ ဒေသထွက်ရေထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ကိုပဲ တင်ပို့ရောင်းချခဲ့တာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက သွေးခုံးပိဿာချိန် ၅၄၀၀၀ ထိပဲ တင်ပို့ရောင်းချခဲ့ရပါတယ်။ နိုဝင်ဘာလမှာတော့ ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့တာပါ” ဟု ဘိုကလေးမြို့နယ် ဒေသထွက် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်လဲ့လဲ့ဝင်းက ပြောပြသည်။

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ရေထွက်ကုန်များတင်ပို့ရောင်းချနိုင်သည့်အတွက် ရေလုပ်သားများ၊ ကုန်တင်ကုန်ချလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာကြောင်း၊ အဆိုပါဒေသမှ သွေးခုံးများအပါအဝင် အခြားရေထွက်ကုန်နှင့် လယ်ယာထွက်ကုန်များလည်း ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဒေါ်လဲ့လဲ့ဝင်းက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်စာ

Category: Local News