International News

အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် လျင်မြန်သည့်နှုန်းဖြင့် တိုးတက်လျက်ရှိ

Last Updated:

၂၀၂၄ ခုနှစ်၊ ဒုတိယသုံးလပတ်အတွင်း ဂျီဒီပီတိုးနှုန်းသည် ၂.၈ ရာခိုင်နှုန်းရှိသဖြင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် လျင်မြန်သည့်နှုန်းဖြင့် တိုးတက်လျက်ရှိကြောင်း Wall Street Journal သတင်းစာ၌ ၂၆-၇-၂၀၂၄ ရက်တွင် “U.S. Economy Grows at a Faster Pace” ခေါင်းစဉ်ဖြင့် ဖော်ပြချက်အရ သိရှိရပါသည်။

အမေရိကန်နိုင်ငံ၏ စီးပွားရေးသည် ဒုတိယသုံးလပတ်အတွင်း စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုတိုးလာခြင်း၊ စီးပွားရေးလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် သိုလှောင်ရုံရှိ ကုန်စည်ပမာဏတိုးလာခြင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း တည်ငြိမ်လာခြင်းတို့ကြောင့် အရှိန်အဟုန်ဖြင့် တိုးလာခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဧပြီလမှဇွန်လအထိဒုတိယသုံးလပတ်အတွင်း ဂျီဒီပီသည် ၂.၈ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၂၂.၉ ထရီလီယံ ရှိခဲ့သည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကဆိုကြောင်း၊ ၂၀၂၄ ခုနှစ်၊ ပထမသုံးလပတ်အတွင်း ဂျီဒီပီတိုးနှုန်းသည် ၁.၄ ရာခိုင်နှုန်းသာရှိခဲ့သဖြင့် ဒုတိယသုံးလပတ်တွင် ဂျီဒီပီတိုးနှုန်းမြင့်မားလာခဲ့ကြောင်း၊ စတော့ဈေးကွက်မှာ အတက်အကျ နှစ်မျိုးလုံးရောယှက်နေကြောင်း၊ Dow Jones Industrial Average သည် အနည်းငယ်မြင့်တက်ခဲ့သော်လည်း S& P 500 and Nasdaq Composite သည် ၁ ရာခိုင်နှုန်းအောက် ကျဆင်းခဲ့ကြောင်း၊ စီးပွားရေးတိုးနှုန်းမြင့်လာခဲ့သော်လည်း အမေရိကန်ဗဟိုဘဏ် (Federal Reserve) အနေဖြင့် လာမည့်အစည်းအဝေးအထိ အတိုးနှုန်းလျှော့ချရန်မရှိသေး ကြောင်း၊ သို့ရာတွင် စက်တင်ဘာလအစည်းအဝေးမတိုင်မီအထိ ငွေကြေးဖောင်းပွမှုနှုန်း ဆက်လက်တည်ငြိမ်နေခဲ့ပါက ဗဟိုဘဏ်၏ စက်တင်ဘာလ အစည်းအဝေးတွင် အတိုးနှုန်းလျှော့ချနိုင်ကြောင်း သိရှိရပါသည်။

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်အစီရင်ခံစာအရ စီးပွားရေး လုပ်ငန်းများအနေဖြင့် ၎င်းတို့ဆောက်လုပ်ရေးလုပ်ငန်းများ၊ ပစ္စည်းကိရိယာနှင့် ဆော့ဖ်ဝဲများတွင် ရင်းနှီးမြှုပ်နှံမှုသည် ၅.၂ ရာခိုင်နှုန်းရှိပြီး ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ငွေတိုးနှုန်းများအနက် စက်ပစ္စည်း ကိရိယာများတွင် ထည့်ဝင်မှုအများဆုံးဖြစ်ကာ (၁၁.၆) ရာခိုင်နှုန်းအထိ တိုးလာခဲ့ကြောင်း၊ အတက်အကျမြန်သည့် စားသုံးကုန်နှင့် စွမ်းအင်ဈေးနှုန်းများကို ထည့်သွင်းတွက်ချက်မထားသည့် တစ်ဦးချင်း စားသုံးသူဈေးဆနှုန်းမှာ ပထမသုံးလပတ်တွင် ၃.၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ဒုတိယသုံးလပတ်တွင် ၂.၉ ရာခိုင်နှုန်းရှိခဲ့သဖြင့် ငွေကြေးဖောင်းပွမှု တည်ငြိမ်လာခဲ့သည်ကို တွေ့ရကြောင်း၊ အမေရိကန်စီးပွားရေးကို တိုင်းတာသည့် အညွှန်းကိန်းများမှာ တိုးတက်ကောင်းမွန်လာခဲ့သော်လည်း စားသောက်ကုန်၊ မော်တော်ယာဉ်နှင့် အိမ်ဈေးနှုန်းမြင့်တက်မှုတို့အပေါ် အမေရိကန်နိုင်ငံသားအများစုက စိတ်ကျေနပ်မှု မရှိကြသေးသည်ကို တွေ့ရကြောင်း၊ ထို့အပြင် အတိုးနှုန်းမြင့်မားခြင်းသည် စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုအပေါ် ထိန်းချုပ်နေသကဲ့သို့ဖြစ်ပြီး အလုပ်သမားဈေးကွက်မှာလည်း နှေးကွေးလာခဲ့ကြောင်းနှင့် အမေရိကန်နိုင်ငံ သားများ အိမ်ဝယ်ယူမှုများသည့် နွေဦးရာသီတွင် အိမ်ရောင်းအားကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။ 

ထို့အပြင် Capital One Financial ၏ တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် Mr. Richard Fairbank က အမေရိကန်စားသုံးသူများသည် စီးပွားရေး၏အင်အားတစ်ရပ်ဖြစ်ပြီး ငွေကြေး ဖောင်းပွမှုနှင့် အတိုးနှုန်းသည် စားသုံးသူများအပေါ် သက်ရောက်မှုရှိနေသေးသည်ဟုဆိုကြောင်း၊ ထို့အပြင် ဆွစ်ဇာလန်နိုင်ငံစုံလုပ်ငန်းကြီးတစ်ခုဖြစ်သည့် Nestle ကုမ္ပဏီကလည်း ၎င်းတို့ကုန်ပစ္စည်းများ၏ ဈေးနှုန်းတိုးမြှင့်သတ်မှတ်မှုကို ဖြေးဖြေးချင်းသာ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ Southwest Airlines နှင့် American Airlines များအနေဖြင့် ဒုတိယသုံးလပတ်အတွင်း ဝင်ငွေကျဆင်းခဲ့ပြီး မော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီများဖြစ်သည့် Ford နှင့် Stellantis ကုမ္ပဏီများ၏ အစုရှယ်ယာဈေးနှုန်းသည် ၂၀၂၃ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းကို တိုင်းတာသည့်အညွှန်းကိန်းအချို့မှာ မြင့်တက် နေသော်လည်း အချို့ညွှန်းကိန်းများမှာ ကျဆင်းလျက်ရှိနေသေးကြောင်း တွေ့ရှိရပါသည်။

 

 

  (စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News