International News

အမေရိကန်အစိုးရသည် Amkor Technology အား အမေရိကန်နိုင်ငံ၏ နည်းပညာမြင့်တစ်ပိုင်း လျှပ်ကူးပစ္စည်းများအတွက် အဆင့်မြင့်ထုပ်ပိုးမှုနည်းပညာအသစ်များထုတ်လုပ်ရာတွင် ပံ့ပိုးကူညီရန် ပဏာမသဘောတူညီချက်ထုတ်ပြန်ခဲ့

Last Updated:

အမေရိကန်အစိုးရ၏ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် Amkor Technology, Inc. အား CHIPS and Science Act အရ အမေရိကန်ဒေါ်လာ သန်း (၄၀၀) အထိ ပံ့ပိုးသွားရန် ပဏာမသဘောတူညီချက်ကို ၂၆-၇-၂၀၂၄ ရက်တွင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။ ဤအဆိုပြုစီမံကိန်း အရ Amkor Technology, Inc. ကုမ္ပဏီ၏ အမေရိကန်ဒေါ်လာ (၂) ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဖြစ်သော ကွန်ပျူတာနည်းပညာ၊ ဉာဏ်ရည်တု (AI) ၊ ဆက်သွယ်ရေးနှင့် မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းများတွင်အသုံးပြုသည့် နည်းပညာမြင့်တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (Semiconductor) အတွက် အဆင့်မြင့်ထုပ်ပိုးမှု နည်းပညာအသစ်များ ဖန်တီးထုတ်လုပ်မည့်လုပ်ငန်းကို ပံ့ပိုးပေးသွားမည်ဖြစ်ပြီး အဆိုပြုစီမံကိန်းသည် အရီဇိုးနားပြည်နယ်၌ အလုပ်အကိုင်ပေါင်း (၂,၀၀၀) ကျော်ကို ဖန်တီးပေးနိုင်မည့်ဖြစ်ကြောင်း၊ သမ္မတဘိုင်ဒင်အစိုးရအနေဖြင့် အမေရိကန်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းများတပ်ဆင် စမ်းသပ်သည့်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Amkor ကုမ္ပဏီအား ထုပ်ပိုးမှုနည်းပညာအသစ်များ ဖွံ့ဖြိုးတိုး တက်စေရန် ကူညီပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ထုပ်ပိုးမှုစနစ်များ အဆင့်မြှင့်တင်ပေးခြင်း၊ အဆင့်မြင့်နည်းပညာ ထုတ်လုပ်သည့် စက်ရုံအစုအဖွဲ့များကို ပံ့ပိုးပေးခြင်းနှင့် AI Chips ဝယ်လိုအား မြင့်တက်လာမှုကို ပြည့်မီရန် ကူညီပေးခြင်းဖြင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ကမ္ဘာ့အဆင့်အမြင့်ဆုံးနည်းပညာများ ထုတ်လုပ်သည့် Taiwan Semiconductor Manufacturing Company, TSMC ၊ Apple နှင့် GlobalFoundries တို့အနေဖြင့် ၎င်းတို့၏ Chips များကို ပြည်တွင်း၌ထုတ်ပိုးနိုင်မည်ဖြစ်ကာ Chip ထုတ်လုပ်မှု လုပ်ငန်းစဉ် တစ်ခုလုံးဖြစ်သည့် ထုတ်လုပ်မှုမှစ၍ ထုတ်ပိုးမှုအဆင့်အထိကို အမေရိကန်နိုင်ငံအတွင်း၌ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း၊ ပြည်တွင်း Semiconductor Supply Chain တစ်ခုလုံးကို အဆင့်မြှင့် တိုးချဲ့လျက် အမေရိကန်နိုင်ငံအနေဖြင့် နည်းပညာကဏ္ဍ၌ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်လာရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

  (စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

Category: International News