International News

တရုတ်နိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကို ဆက်သွယ်သည့် လမ်းကြောင်းသစ် စမ်းသပ်မှု ပြီးဆုံးကြောင်း သိရှိရ

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မွန်ဂိုလီးယားနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့ကို ဆက်သွယ်ထားသည့် အာရှအဝေးပြေးလမ်းမကြီး အမှတ်စဉ် (၄) ၏ နိုင်ငံတကာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး လမ်းကြောင်းသစ်ကို စက်တင်ဘာ လ ၂၇ ရက်နေ့က စမ်းသပ်မှု ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း တရုတ်ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

တရုတ်၊ မွန်ဂိုလီးယားနှင့် ရုရှားတို့ ပါဝင်သည့် ကုန်တင်မော်တော်ယာဉ် (၉) စီးသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းအူဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Urumqi မြို့မှ ထွက်ခွာလာခဲ့ပြီး မွန်ဂိုလီးယားနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကို ဖြတ်သန်းကာ နောက်ဆုံးတွင် ရုရှားနိုင်ငံ၏ တတိယအကြီးဆုံးမြို့ကြီးဖြစ်သည့် Novosibirsk မြို့သို့ ရောက်ရှိခဲ့သည်။ စက်တင်ဘာလ ၂၇ ရက်နေ့ (ဗုဒ္ဓဟူးနေ့) ဒေသစံတော်ချိန် နေ့လယ် (၂း၀၀) နာရီအချိန်တွင် အဆိုပါခရီးစဉ်အတွက် ကြိုဆိုဧည့်ခံပွဲအခမ်းအနားကို Novosibirsk မြို့၌ ကျင်းပခဲ့သည်။

အဆိုပါ လမ်းကြောင်းသစ်သည် အာရှ အဝေးပြေးလမ်းမကြီး အမှတ်စဉ် (၃) ဖော်ဆောင်ခဲ့ပြီးနောက် တရုတ်နိုင်ငံ၊ မွန်ဂိုလီးယာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကို ဆက်သွယ်ထားသည့် ဒုတိယမြောက် နိုင်ငံတကာကုန်းလမ်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်း တစ်ခုဖြစ်သည်။

နိုင်ငံ (၃) နိုင်ငံအနေဖြင့် အကောက်ခွန်ရှင်းလင်းရေးနှင့် သယ်ယူပို့ဆောင်ရေးတို့တွင် လွယ်ကူချောမွေ့စေရန် ချိတ်ဆက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး တရုတ်-မွန်ဂိုလီးယား-ရုရှား စီးပွားရေးစင်္ကြံတည်ထောင်ရေးကိုမြှင့်တင်ဆောင်ရွက်ရာတွင် ပိုမိုပူပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း တရုတ်ပို့ဆောင်ရေးဝန်ကြီးဌာန (MOT) မှ တာဝန်ရှိသူ Xuan Dengdian က ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

 

 

 

အရင်းမြစ်။ http://en.people.cn/n3/2023/0928/c90000-20078086.html

(စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ (ကူမင်းမြို့))

Category: International News