International News

ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုသည် ယခုနှစ်တွင် ဒေါ်လာ ၅ ဘီလီယံ စံချိန်တင်

Last Updated:

ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုသည် ယခုနှစ်အစပိုင်းမှစပြီး အခြေအနေများ ကောင်းမွန်လာသောကြောင့် ၀င်ငွေ အမေရိကန်ဒေါ်လာ ၅ ဘီလီယံ စံချိန်တင်နိုင်မည့် အလားအလာရှိနေသည်။

ယခုနှစ် ကျန်ကာလများတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှု သိသိသာသာ တိုးလာရန်ရှိကြောင်းနှင့် ဒူးရင်းသီးများကို Đồng Nai ပြည်နယ်၊ Hùng Loan Granary တွင် packing ဆောင်ရွက်ထားပြီး အဆိုပါ အသီးအနှံသည် အလားအလာကောင်းပြီး ထပ်တိုးတင်ပို့နိုင်မည့် အသီးဖြစ်ကြောင်း ခန့်မှန်းရပါသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားများအရ ယခုနှစ် ပထမ ၈ လတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃.၄၅ ဘီလီယံရှိပြီး ယခင်နှစ် အလားတူကာလထက် ၅၇.၅ ရာခိုင်နှုန်း တိုးလာပြီး ၂၀၁၈ ခုနှစ်က သတ်မှတ်ထားသည့် စံချိန်တင်တန်ဖိုး အမေရိကန်ဒေါ်လာ ၃.၈၁ ဘီလီယံ ကျော်လွန်သွားကြောင်း သိရပါသည်။

ယခုနှစ်အစပိုင်းမှ တိုးတက်လာမှုများအား မှတ်ပုံတင်ထားသော စာရင်းများအရ သစ်သီးနှင့်ဟင်းသီးဟင်းရွက် တင်ပို့မှုစံချိန်တင် ဒေါ်လာ ၅ ဘီလီယံအထိ ရောက်ရှိမည်ဟု အကောင်းမြင်သူများက ယူဆကြသည်။

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့သော ဗီယက်နမ်၏ သဘောတူညီချက်များအရ ဒူးရင်းသီး၊ သရက်သီး၊ နဂါးမောက်သီးနှင့် ငှက်ပျောသီးများ အပါအဝင် ယခုနှစ်အတွင်း ဗီယက်နမ်၏ သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များ တင်ပို့နိုင်ရန်အတွက် များစွာအထောက်အကူ ဖြစ်စေကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ သစ်သီးဝလံအသင်း အထွေထွေအတွင်းရေးမှူး Đặng Phúc Nguyên က သစ်သီးနှင့် ဟင်းသီး ဟင်းရွက်တင်ပို့မှု တိုးမြင့်လာမှုသည် တရုတ်ဈေးကွက်ဝယ်ယူမှု တိုးလာခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် မိုးခေါင်ရေရှားမှုနှင့် ရေလွှမ်းမိုးမှုဒဏ်ကြောင့် နိုင်ငံအများအပြားသည် ဗီယက်နမ်မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ တင်သွင်းမှု တိုးလာကြောင်းသိရှိရသည်။

စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပို့ကုန်/သွင်းကုန်ဦးစီးဌာန၏ စာရင်းဇယားများအရ တရုတ်နိုင်ငံသို့ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုမှာ ဇန်နဝါရီမှ ဇူလိုင်လအတွင်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၁၂၈.၅ ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်း သိရသည်။

စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ၏ သွင်းကုန်ပို့ကုန်ဌာန လက်ထောက်ညွှန်ကြားရေးမှူး Trần Thanh Hải က ယခုနှစ် ကျန်ကာလများတွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုများ သိသိသာသာ တိုးတက်နိုင်မည့် အလား အလာများရှိပြီး လာမည့်ပွဲတော်များတွင် ဈေးကွက် ဝယ်လိုအားများစွာ တိုးလာကာ ပို့ကုန်ချဲ့ထွင်ရန် အခွင့်အလမ်းများ ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း၊ ယခုနှစ်လာမည့် ၆လအတွင်း ဗီယက်နမ်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ရိတ်သိမ်းချိန်ဖြစ်ရာ သစ်သီးဝလံတန်ချိန် ၇.၆သန်းခန့် ရရှိနိုင်မည်ဖြစ်ကြောင်း၊ အခြား အရှေ့တောင်အာရှနိုင်ငံများတွင် ဒူးရင်းသီးချိန် ကုန်ဆုံးသွားပြီးဖြစ်ရာ ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းသီးများမှာ ဈေးနှုန်း ဆက်လက် မြင့်တက်ဖွယ်ရှိကြောင်း သိရှိရပါသည်။

မကြာသေးမီက ဗီယက်နမ်အုန်းသီးသည် အမေရိကန် ဈေးကွက်ရရှိခဲ့ပြီး မြစ်ဝကျွန်းပေါ်ဒေသရှိ အုန်းသီးဈေးနှုန်းများ ၁၀ လုံးလျှင် ဗီယက်နမ်ဒေါင် ၁၅,၀၀၀ မှ ၂၀,၀၀၀ပြီးနောက် ၆၀,၀၀၀ မှ ၆၅,၀၀၀ အထိ သိသိသာသာ တက်လာပါသည်။ လက်ရှိတွင် ဗီယက်နမ်နိုင်ငံသည် အုန်းသီးထုတ်လုပ်မှုတွင် ကမ္ဘာ့အဆင့် ခုနစ်နေရာတွင်ရှိနေပြီး စုစုပေါင်း ဧရိယာဟက်တာ ၁၈၈၀၀၀ ခန့်ရှိပြီး အဓိကအားဖြင့် Bến Tre၊ Tra Vinh၊ Tiền Giang နှင့် Vĩnh Long ပြည်နယ်များဖြစ်ကြောင်း သိရှိရပါသည်။

အုန်းသီးတင်ပို့မှုသည် ယခင်နှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၉၀၀ ခန့်ရှိခဲ့ပြီး ဗီယက်နမ်သည် အာရှ-ပစိဖိတ်ဒေသတွင် စတုတ္ထမြောက် အုန်းသီးအများဆုံး တင်ပို့သည့်နိုင်ငံ ဖြစ်လာခဲ့သည်။ လက်ရှိတွင် အုန်းသီးမှ ထုတ်လုပ်သည့် ထုတ်ကုန်များကို တင်ပို့သည့် ကုမ္ပဏီ ၉၀ ကျော်ရှိပြီး ယခုနှစ်တွင် အုန်းသီးတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိမည်ဟု ခန့်မှန်းထားသည်။

ယခုနှစ်ကုန်အထိ တိုးတက်မှုနှုန်းကို ဆက်လက်ထိန်းသိမ်းထားပါက ယခုနှစ်တွင် သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံအထိ ရှိနိုင်ပြီး စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ ၂၀၂၅ နှင့် ၂၀၃၀ ခုနှစ်ထိ အဓိက သီးပင်စားပင်များ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသည်  ချမှတ်ထားသည့် ရည်မှန်းချက်ထက် ၂ နှစ်စောပြီး စံချိန်တင် အောင်မြင်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ မဟာဗျူဟာနှင့် မူဝါဒဆိုင်ရာ အင်စတီကျုမှ အမှတ်တံဆိပ်တည်ဆောက်ရန်၊ သွင်းကုန်ဈေးကွက် လိုအပ်ချက်များနှင့်အညီ အရည်အသွေး မြှင့်တင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲစွာ တင်ပို့နိုင်ရန် တရားဝင်လမ်းကြောင်းများမှတစ်ဆင့် ပို့ကုန်မြှင့်တင်ရန် အရေးကြီးကြောင်း ပြောကြားခဲ့ပါသည်။

ရိတ်သိမ်းချိန်တွင် ဈေးနှုန်းတည်ငြိမ်ရေးနှင့် Process Fruit များတိုးမြှင့်နိုင်ရေး အာရုံစိုက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့သော ပို့ကုန်အတွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရာတွင် ယှဉ်ပြိုင်နိုင်စွမ်း တိုးမြင့်လာစေရန်အတွက် ကမ္ဘာ့ဈေးကွက် ပို့ကုန်ဆိုင်ရာ လမ်းညွှန်ချက်၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန ကောက်ပဲသီးနှံ စိုက်ပျိုးထုတ်လုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး Nguyen Nhu Cuong ကပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ဗီယက်နမ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် အဓိက အသီးအနှံ ၁၄ မျိုးအား ရွေးချယ်ထားပြီး အဆိုပါ ရွေးချယ်ထားသော သီးနှံများမှာ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ နှင်းသီး၊ ဒူးရင်းသီး၊ ရှည်လျားသီး၊ လိမ္မော်သီး၊ ကျွဲကောသီး၊ နာနတ်သီး၊ ကြက်မောက်သီး၊ စူပါသီး၊ ထောပတ်သီး၊ ရှောက်သီး၊ ကြက်မောက်သီး တို့ဖြစ်ကြသည်။

ရေရှည်တည်တံ့ခိုင်မြဲသော ပို့ကုန်များအတွက် ထုတ်ကုန်အရည်အသွေး သေချာစေရန် စိုက်ပျိုးဧရိယာများနှင့် ထုပ်ပိုးမှုဆိုင်ရာ စီမံခန့်ခွဲမှုများကို တင်းကျပ်သင့်သည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။ ဗီယက်နမ် ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များသည် စျေးကွက် ၂၇ ခုတွင် ရှိနေပြီး ၁၅ ခုမှ ဒေါ်လာ ၁၀ သန်းကျော် ဝင်ငွေရှိကြောင်း သိရပါသည်။

 

 

 

 Source : VNS international

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News