International News

သမ္မတဂျိုးဘိုင်ဒင်၏ အမေရိကန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်၏ ၂၀၂၃ ခုနှစ် အတွက် အောင်မြင်မှုရလဒ်များထုတ်ပြန်ခဲ့

Last Updated:

အမေရိကန်သမ္မတဂျိုးဘိုင်ဒင် သမ္မတတာဝန်ယူပြီးနောက် အကောင်အထည်ဖော်ခဲ့သည့် အမေရိကန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်၏ ၂၀၂၃ ခုနှစ်အတွက်အောင်မြင်မှုရလဒ်များကို ၂၂-၁၂-၂၀၂၃ ရက်နေ့ သမ္မတအိမ်ဖြူတော်၏ဝက်ဘ်ဆိုက်တွင် “In 2023, President Biden’s Investing in America Agenda Delivered Results for American Families” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက်အရ သိရှိရပါသည်။      

၂၀၂၃ ခုနှစ်တွင် ၎င်း၏အစိုးရအဖွဲ့အနေဖြင့် အမေရိကန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအစီအစဉ် အကောင်အထည်ဖော်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး အဆိုပါကြိုးပမ်းမှုရလဒ်အဖြစ် အောက်ပါတိုးတက်မှုရလဒ် (၁၀) ချက်အား အဓိကအောင်မြင်မှုများအဖြစ်ရရှိခဲ့ကြောင်း  ထုတ်ပြန် ချက်အရ သိရှိရပါသည် -

  • ၂၀၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံသား (၁၅) သန်းသည် ကျန်းမာရေးအာမခံထားခြင်းမှ အမေရိကန်ဒေါ်လာ (၈၀၀) အထိ စုဆောင်းနိုင်ခဲ့ပြီး သက်ကြီးရွယ်အိုများအနေဖြင့် Insulin ဆေးကို အမေရိကန်ဒေါ်လာ (၃၅) ဖြင့် ရရှိစေရန် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဆေးဝါး (၁၀) မျိုးအတွက် ဈေးနှုန်းများညှိနှိုင်းပေးခဲ့ပြီး Medicare and Medicaid အစီအစဉ်အောက်တွင် အကျိုးခံစားခွင့်ရှိသူများအတွက် ကာကွယ်ဆေးအခမဲ့ ထိုးပေးခဲ့ပြီး ငွေကြေးဖောင်းပွမှု လျှော့ချရေးဥပဒေ  အကောင်အထည်ဖော်မှုကြောင့် သက်ကြီးရွယ်အိုများအနေဖြင့် ထိုးဆေးတစ်ကြိမ်လျှင် ဒေါ်လာရာဂဏာန်းအထိ သက်သာစွာဖြင့် ရရှိခဲ့ကြောင်း၊
  • ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှစ၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ Clean energy နှင့် ပတ်သက်သည့် အလုပ်အကိုင်ပေါင်း (၂၁၀,၀၀၀) ကျော်ဖန်တီးပေးနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဆောက်လုပ်ရေးကဏ္ဍ၌ အလုပ်အကိုင်ပေါင်း (၂၅၂,၀၀၀) ကျော် ဖန်တီး ပေးခဲ့ကြောင်း၊
  • ၂၀၂၃ ခုနှစ်တွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၈၀) ဘီလီယံ ရှိခဲ့ပြီး သမ္မတဂျိုးဘိုင်ဒင်အစိုးရတာဝန်ယူသည့်အချိန်မှစ၍  Clean energy နှင့် စက်မှုကဏ္ဍတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၆၂၈) ဘီလီယံ ရှိခဲ့ကြောင်း၊ 
  • စက်မှုကဏ္ဍ ဆောက်လုပ်ရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုသည် သမ္မတဂျိုးဘိုင်ဒင်၏ အခြေခံအဆောက်အအုံဥပဒေ (Infrastructure Law)၊ CHIPS and Science Act နှင့် ငွေကြေးဖောင်းပွမှု လျှော့ချရေးအက်ဥပဒေ အပါအဝင် အမေရိကန်တွင် ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ချမှတ်ပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံကြသည့် စီမံကိန်းအသစ်များဖြစ်ကြောင်း၊
  • New Hampshire ပြည်နယ်မှ BAE System Inc. အား CHIPS Award ဆုကို ချီးမြှင့်ပေးခဲ့ပြီး ဤဆုသည် CHIPS ထုတ်လုပ်မှုအကောင်အထည်ဖော်ရန်အတွက် ကဏ္ဍသစ်တစ်ရပ်ဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံ၏ Supply Chain ကို အထောက် အကူပြုကာ အမျိုးသားလုံခြုံရေးကို ကာကွယ်ပြီး အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန်ဖြစ်ကြောင်း၊ 
  • ၂၀၂၃ ခုနှစ်တွင် Infrastructure Law အရ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းပေါင်း (၃၃,၀၀၀)ခုကို ကြေညာနိုင်ခဲ့ကြောင်း၊ အဆိုပါစီမံကိန်းများတွင် အမေရိကန် ဒေါ်လာ ဘီလီယံ(၃၀) တန်ဖိုးရှိ ကမ္ဘာ့အဆင့်မီ မီးရထားလမ်း၊ ဒေသတွင်း ဟိုက်ဒရိုဂျင် သန့်စင်သော နေရာ (၇) ခုနှင့်  ခဲပိုက်လိုင်း ထောင်ပေါင်းများစွာကို အစားထိုးမည့် စီမံကိန်း (၄၀,၀၀၀) ကျော် ပါဝင်ကြောင်း၊
  • စက်မှုလုပ်ငန်းများရှိ လုပ်သားများ၏ လုပ်ခလစာ စံချိန်တင်တိုးမြင့်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ နာမည်ကျော် မော်တော်ယာဉ်ထုတ်လုပ်သည့် စက်မှုလုပ်ငန်းကြီး (၃) ခုမှ UAW အလုပ်သမားများအတွက် လုပ်ခလစာ(၃၀) ရာခိုင်နှုန်း၊ UPS ကုမ္ပဏီ မှ အလုပ်သမားများ၏ လုပ်ခလစာ (၅၅) ရာခိုင်နှုန်းနှင့် Kaiser Permanente မှ ကျန်းမာရေး ဝန်ထမ်းများ၏ လုပ်ခလစာ (၂၁) ရာခိုင်နှုန်း အသီးသီးတိုးမြှင့် ပေးခဲ့ကြ ကြောင်း၊
  • အမေရိကန်သမ္မတအိမ်ဖြူတော်သည် နိုင်ငံတစ်ဝှမ်း အစိုးရနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံ မှုများ သည့်နေရာများတွင် Workforce Hub (၅) ခုကို တည်ထောင်ပေးခဲ့ကြောင်း၊  
  • Clean energy လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ၎င်းလုပ်ငန်းများတွင် အလုပ်အကိုင် အခွင့်အလမ်းတိုးမြှင့်နိုင်ရေး ဖန်တီးပေးမည့်  American Climate Corps ကိုတည်ထောင်ခဲ့ပြီး Clean energy ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက် ရေးနှင့် အလုပ်သမားများ ခံနိုင်ရည်စွမ်းတည်ဆောက်ရန် မျိုးဆက်သစ်များ ထွက်ပေါ် လာစေရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ဤအစီအစဉ်ကို စတင်မိတ်ဆက်ပြီးချိန်တွင် စိတ်ပါဝင်စားသူ (၄၀,၀၀၀) ကျော်အထိရှိခဲ့ပြီး စိတ်ပါဝင်စားသူ အများစုမှာ အသက် (၃၅) နှစ်အောက်အရွယ် ဖြစ်ကြောင်း၊
  • ၂၀၂၃ ခုနှစ်တွင် Affordable Connectivity Program  ၌ ပါဝင်ရန် အိမ်ထောင်စု (၇) သန်း စာရင်းသွင်းခဲ့ကြပြီး အစီအစဉ်တွင် စုစုပေါင်းစာရင်းသွင်းသူအရေအတွက် (၂၂) သန်း အထိ ရှိလာခဲ့ပါသည်၊ အစီအစဉ်တွင် ပါဝင်သည့်  အိမ်ထောင်စုများသည် ၂၀၂၂ ခုနှစ်မှစ၍ ၎င်းတို့၏ အင်တာနက်အသုံးစရိတ်  အမေရိကန်ဒေါ်လာ (၃၀) မှ (၇၅) အထိ လျော့ချနိုင်ခဲ့ကြောင်း။

သမ္မတဂျိုးဘိုင်ဒင်အစိုးရအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ၎င်းချမှတ်ခဲ့သည့် အမေရိကန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံပါအစီအစဉ်နှင့် အခြေခံအဆောက် အအုံအက်ဥပဒေ (Infrastructure Law)၊ CHIPS and Science Act နှင့် ငွေကြေးဖောင်းပွမှု လျှော့ချရေးအက်ဥပဒေ ပြဋ္ဌာန်းခဲ့ခြင်းတို့ကြောင့် ရရှိခဲ့သည့် အကျိုးကျေးဇူးများကို ဖော်ပြလိုခြင်းဖြစ်ပြီး အစိုးရ၏မူဝါဒ၊ ဥပဒေများ၏ ၂၀၂၃ ခုနှစ်အတွင်း အောင်မြင်မှုရလဒ်များကိုသာ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲအတွက် ရည်မှန်းလျက် မှတ်တမ်းပြုလိုခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

 

Category: International News