International News

အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းကျဆင်းလာ

Last Updated:

အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းကျဆင်းလာခြင်းနှင့် ပတ်သက်၍ Wall Street Journal သတင်းစာတွင် ၂၄-၁၂-၂၀၂၃ ရက်နေ့နှင့် ၂၆-၁၂-၂၀၂၃ ရက်နေ့တို့တွင် “Inflation Ebbs, Confidence Rises, Easing Concern About Slowdown” နှင့် “Slowing Inflation Cheers Central Banks” ခေါင်းစဉ်များဖြင့် ဖော်ပြထားပါသည်။    

စားသောက်ကုန်နှင့် စွမ်းအင်ဈေးနှုန်းတို့ကို ထည့်သွင်းတွက်ချက်မထားသည့် Core Inflation သည် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း မြင့်တက်ခဲ့သော်လည်း စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း အမေရိကန်နိုင်ငံ၊ ဥရောပနှင့် အခြားထွန်းသစ်စနိုင်ငံများ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ (၂.၂) ရာခိုင်နှုန်းသို့ ရောက်ရှိမည်ဟု Goldman Sachs ၏ စီးပွားရေးပညာရှင်များခန့်မှန်းချက်အတိုင်း ကျဆင်းလာခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် အဆိုပါနိုင်ငံများ၌ ဗဟိုဘဏ်၏ ငွေကြေးဖောင်းပွမှုရည်မှန်းချက်သို့ ရောက်ရှိမည်ဟုလည်း ခန့်မှန်းထား ပါကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျလာခြင်းဖြင့် မိသားစုများဝယ်နိုင်အား (Purchasing Power) မြင့်မားလာကာ ဗဟိုဘဏ်များကလည်း အတိုးနှုန်းကို လျော့ချလာနိုင်မည် ဖြစ်ကြောင်း၊ Oxford Economics မှ အကြီးတန်းအကြံပေးတစ်ဦးကလည်း ၂၀၂၄ ခုနှစ် ကုန်ပိုင်းတွင် အမေရိကန်၏ ငွေကြေးဖောင်းပွမှုနှုန်းသည် (၂.၂) ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

အမေရိကန်ဗဟိုဘဏ်အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအစောပိုင်းတွင် အတိုးနှုန်းကိုလျှော့ချရန် အရိပ်အမြွက်ပြောကြားခဲ့ပြီး Renaissance Macro Research ၏ အကြီးတန်း သုတေသီတစ်ဦးက စီးပွားရေးကောင်းမွန်ပြီး ဘဏ္ဍာရေးအခြေအနေမှာ တည်ငြိမ်လာခဲ့ကာ ပြည်သူများ၏ လုပ်ခလစာတိုးတက်ခဲ့ကြောင်း၊ ယခုအခြေအနေတွင် ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းကို လျှော့ချနိုင်သဖြင့် စီးပွားရေးအခြေအနေမှာ “Soft Landing” အခြေအနေ ဖြစ်လာပြီဖြစ်သည်ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုကို ခံနိုင်ရည်စွမ်းရှိစေရန် ကူညီပံ့ပိုးလျက်ရှိသည်မှာ အလုပ်သမားဈေးကွက်ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် နှေးကွေးခဲ့သည့် အလုပ်သမားဈေးကွက်သည် ၂၀၂၃ ခုနှစ်တွင် ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းကို ဖယ်ထုတ်၍ ကျသင့်အခွန် ပေးဆောင်ပြီးနောက် တစ်ဦးချင်းဝင်ငွေမှာ အောက်တိုဘာလတွင် (၀.၃) ရာခိုင်နှုန်းရှိခဲ့ရာမှ နိုဝင်ဘာလတွင် (၀.၄) ရာခိုင်နှုန်းသို့မြင့်တက်လာခဲ့ကြောင်း၊ အသက် (၂၅)နှစ်မှ (၅၄) နှစ်အတွင်း အလုပ်လုပ်ကိုင်သည့်ရာခိုင်နှုန်းမှာ (၈၃.၃) ရာခိုင်နှုန်းရှိလာခဲ့ခြင်းမှာ အလုပ်ရှင်များအတွက် လုပ်ခ လစာမြင့်တက်မှုကို လျော့ချနိုင်ပြီး ငွေကြေးဖောင်းပွမှုနှုန်းအပေါ် ဖိအားကို လျော့နည်းစေပါကြောင်းဖြင့် ဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News