International News

တောင်ကိုရီးယားနိုင်ငံသည် ဆန်ဖြင့်ပြုလုပ်သည့် စားသောက်ကုန်များ ထုတ်လုပ်သည့် လုပ်ငန်းကဏ္ဍအရွယ်အစားကို နှစ်ဆမြှင့်တင်ခြင်းအား ၂၀၂၈ ခုနှစ် နောက်ဆုံးထား၍ ဆောင်ရွက်သွားမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံရှိ ဆန်ဖြင့်ပြုလုပ်သည့် စားသောက်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းကဏ္ဍအရွယ်အစားကို နှစ်ဆမြှင့်တင်ခြင်းအား ၂၀၂၈ ခုနှစ် နောက်ဆုံးထား၍ ဆောင်ရွက်သွားမည်ဟု စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ၂၃-၁-၂၀၂၄ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါသည်။

အဆိုပါစီမံချက်အရ တောင်ကိုရီးယားနိုင်ငံသည် စားသောက်ကုန်များ တင်ပို့မှုကိုလည်း မြှင့်တင်သွားမည်ဖြစ်ပါကြောင်း၊ ဆန်ဖြင့်ပြုလုပ်သည့် စားသောက်ကုန်များ ထုတ်လုပ်သည့်ကဏ္ဍမှ ကြာရှည်ခံသည့် အသင့်စားချက်ပြီး ထမင်းဗူးများ၊ နေ့လယ်စာထမင်းဗူးများ၊ ဆန်ဖြင့်ပြုလုပ်သည့် ခေါက်ဆွဲများ၊ ဆန်အရက်များ စသည်တို့ကို ထုတ်လုပ်လျက်ရှိပါကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ဆန်ဖြင့်ပြုလုပ်သည့်အစားအသောက်များ တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈၂ သန်း ရရှိခဲ့ပါကြောင်း၊ ၂၀၂၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ အထိရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံသည် ပြည်ပမှ ဂျုံမှုန့်တင်သွင်းနေရသည့်အတွက် ပြည်တွင်းရှိပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ Floury rice (ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှု ဌာနမှ ပြုပြင်ထုတ်လုပ်ထားသည့် ဆန်အမျိုးအစားကို ရေစိမ်သည့်အဆင့်မလိုပဲ ဆန်စေ့အခြောက်အတိုင်း ကြိတ်၍ရရှိလာသော ဆန်မှုန့်) ဖြင့် စားသောက်ကုန်သစ်များ ထုတ်လုပ်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၇ ခုနှစ်တွင် ဂျုံမှုန့်တင်သွင်းမှုစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းကို Floury rice ဖြင့် အစားထိုးသွားမည်ဖြစ်ပါကြောင်း စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန ဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

ပြည်ပသို့ တင်ပို့မှုမြှင့်တင်ရန် ဆန်ထွက်ကုန်များတင်ပို့မှုကို ဦးဆောင်နိုင်မည့် ပို့ကုန်လုပ်ငန်းရှင် ၂၀၀ ဦးကို မြေတောင်မြှောက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပို့ကုန်တင်ပို့မှုမြှင့်တင်ရေး ဆောင်ရွက်ရာတွင် ထင်ရှားကျော်ကြားသည့် K-pop အနုပညာရှင်များနှင့် အခမ်းအနားများ  ကျင်းပ၍ ဈေးကွက်မြှင့်တင်သွားမည်ဖြစ်ပါကြောင်း စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ ပြောကြားခဲ့ပါ သည်။

ပြည်တွင်းဈေးကွက်တွင် ဆန်စားသုံးမှု မြှင့်တင်ရန်နှင့် ကျန်းမာသော စားသောက်နေထိုင်မှု အလေ့ အထကို ထိန်းသိမ်းရန်ရည်ရွယ်၍ ကောလိပ်ကျောင်းသားများအတွက် ဝမ် ၁,၀၀၀ တန် မနက်စာစီမံကိန်းကို အစိုးရကဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း အသင့်စား ချက်ပြီးထမင်းဗူးများကို ပြည်တွင်း၌ ရောင်းချရမှုဝင်ငွေသည် ဝမ်ငွေ ၉၃၅.၆ ဘီလီယံရရှိခဲ့ရာ ပြည် တွင်းထုတ်လုပ်သည့် ဆန်ဖြင့်ပြုလုပ်သော စားသောက်ကုန်များရောင်းချရမှု စုစုပေါင်း၏ ၁၂.၅ ရာခိုင်နှုန်းရှိခဲ့ပါကြောင်းနှင့် ပြည်ပသို့ အဆိုပါ ထမင်းဗူးများ တင်ပို့ရောင်းချရမှု ဝင်ငွေသည်လည်း ယခင်နှစ်ကထက် ၃၁ ရာခိုင်နှုန်း မြင့်မားလာပြီး အမေရိကန်ဒေါ်လာ ၇၅ သန်းရရှိခဲ့ပါကြောင်း စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။

 

 

Source: https://www.koreatimes.co.kr/www/tech/2024/01/129_367431.html?utm_ source=taboola

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News