International News

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အများဆုံးဆွဲဆောင်ခဲ့သည့် ထိပ်တန်းနေရာ ၁၀ ခု

Last Updated:

ဗီယက်နမ် စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အေဂျင်စီ၏ အချက် အလက်များအရ ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်ကုန်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) စီမံကိန်း ၃၉,၁၄၀ ကို ဆွဲဆောင်နိုင်ခဲ့ပြီး စုစုပေါင်း မှတ်ပုံတင်ထားသည့် အရင်းအနှီး အမေရိကန်ဒေါ်လာ ၄၆၈,၉၁၇ ဘီလီယံရှိကြောင်း Vietnam Times အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

၎င်းတို့အနက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု အများဆုံးဆွဲဆောင်သည့် ဒေသ ၁၀ ခုတွင် ဟိုချီမင်း၊ ဟနွိုင်း၊ ဘင်ဒေါင်း၊ ဒေါင်နိုင်၊ ဘာရီယာ-ဗုသောင်၊ ဟိုင်ဖုန်၊ ဘတ်နင်း၊ သန်းဟွာ၊ လောင်းအန်နှင့် ကွမ်နင်း တို့ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိပ်တန်း ၁၀ ခုအနက် ဟိုချီမင်းမြို့တော်တွင် စီမံကိန်း ၁၂,၃၉၈ ခုရှိပြီး  စာရင်းသွင်းမတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၅၇.၆၃၂ ဘီလီယံရှိကြောင်း၊ ၎င်းသည် နိုင်ငံတွင်းရှိ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှပ်နှံမှု စီမံကိန်းများ၏ ၃၁.၆၇ ရာခိုင်နှုန်းနှင့် စာရင်းသွင်းမတည်ရင်းနှီးငွေ၏ ၁၃ ရာခိုင်နှုန်း နီးပါးရှိကြောင်း သိရပါသည်။

ဒုတိယတွင်ရှိနေသည့် ဟနွိုင်းတွင် စီမံကိန်းပေါင်း ၇၃၆၃ ခုနှင့် စုစုပေါင်း မှတ်ပုံတင်ပြီး မတည်ငွေ အမေရိကန်ဒေါ်လာ ၄၁.၁၇၀ ဘီလီယံရှိကြောင်း၊ စီမံကိန်းများ၏ ၁၈.၈ ရာခိုင်နှုန်းနှင့် ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံရန် စာရင်းသွင်းထားသည့် FDI စုစုပေါင်း၏ ၈.၇၇ ရာခိုင်နှုန်း ရှိကြောင်း သိရှိရပါသည်။

တတိယမှာ Binh Duong ဖြစ်ပြီး စီမံကိန်းပေါင်း ၄,၂၁၇ ခုနှင့် အမေရိကန်ဒေါ်လာ ၄၀.၄ ဘီလီယံရှိကြောင်း၊ စီမံကိန်းများ၏ ၁၀.၇ ရာခိုင်နှုန်းနှင့် ဗီယက်နမ်တွင် မှတ်ပုံတင်ထားသော စုစုပေါင်း FDI အရင်းအနှီး၏ ၈.၆ ရာခိုင်နှုန်း ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံအနေဖြင့် နိုင်ငံခြားအရင်းအနှီး အမေရိကန်ဒေါ်လာ ၃၆.၆ ဘီလီယံကို ဆွဲဆောင်ခဲ့ပြီး ၎င်းတို့အနက် ထိပ်တန်းဒေသများမှာ ဟိုချီမင်း၊ ဟိုင်ဖုန်၊ ကွမ်နင်း၊ ဘတ်ဂိုင်၊ သိုင်းဘင်၊ ဟနွိုင်း၊ ဘတ်နင်း၊ ငဲ့အန်း၊ ဘင်ဒေါင်းနှင့် ဒေါင်နိုင်တို့ ဖြစ်ကြောင်း သိရှိရပါသည်။ ဟိုချီမင်းသည် စုစုပေါင်း စာရင်းသွင်းမတည်ငွေ အမေရိကန်ဒေါ်လာ ၅.၈၅ ဘီလီယံဖြင့် ဦးဆောင်နေပြီး ယခုနှစ်အတွင်း ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံထားသည့် စုစုပေါင်း FDI အရင်းအနှီး ၏ ၁၆ ရာခိုင်နှုန်း နီးပါးရှိကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်တွင် FDI အနိမ့်ဆုံးဆွဲဆောင်သည့် ထိပ်တန်းဒေသ ၁၀ ခုမှာ Lai Chau၊ Dien Bien၊ Ha Giang၊ Cao Bang၊ Bac Kan၊ Gia Lai၊ Son La၊ Ca Mau၊ Tuyen Quang နှင့် Dong Thap တို့ဖြစ်ကြောင်း၊ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဦးစီးဌာန၏ အဆိုအရ Lai Chau နှင့် Dien Bien ပြည်နယ် နှစ်ခုသည် FDI စီမံကိန်း ၁ ခုသာ ဆွဲဆောင်ခဲ့ပြီး စုစုပေါင်း မှတ်ပုံတင်ထားသည့် အရင်းအနှီး အနည်းငယ်သာရှိကြောင်း ဖော်ပြထားသည်။

စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ အကဲဖြတ်ချက်အရ မကြာသေးမီက နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) စီးဆင်းမှုသည် အခြေခံအဆောက်အအုံ၊ လူ့စွမ်းအားအရင်းအမြစ်နှင့် ရင်းနှီး မြှုပ်နှံမှုကို မြှင့်တင်ရန် အားသာချက်ရှိသည့် ပြည်နယ်နှင့် မြို့ကြီးများသို့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် ပိုမိုအာရုံစိုက်လျက်ရှိကြောင်း၊ ကျွမ်းကျင်သူများ၏အဆိုအရ အထက်ပါအချက်များသည် အလုံးစုံစီးဆင်းမှုတို့ ကန့်သတ်သကဲ့သို့ဖြစ်နေကြောင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဖြန့်ကျက်ရန်အတွက် ဗီယက်နမ်နိုင်ငံအနေဖြင့် မဖွံ့ဖြိုးသေးသော ပြည်နယ်နှင့် မြို့ကြီးများတွင် အခြေခံအဆောက်အဦးနှင့် လူ့စွမ်းအားအရင်းအမြစ်၏ အရည်အသွေးများ မြှင့်တင်ရေးအတွက် အာရုံစိုက်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

 

 

Source: Vietnam Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News