International News

Liquefied Natural Gas (LNG) တင်ပို့မှု ဆိုင်းငံ့ကြောင်း သမ္မတဂျိုးဘိုင်ဒင်က ဆုံးဖြတ်

Last Updated:

Liquefied Natural Gas (LNG) တင်ပို့မှု ဆိုင်းငံ့ကြောင်း သမ္မတဂျိုးဘိုင်ဒင်က ဆုံးဖြတ်ခဲ့ခြင်းနှင့် ပတ်သက်၍ သမ္မတအိမ်ဖြူတော်ဝက်ဘ်ဆိုက်တွင် ၂၆-၁-၂၀၂၄ ရက်နေ့၌ “Statement from President Joe Biden on Decision to Pause Pending Approvals of Liquefied Natural Gas Exports” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ 

ကမ္ဘာတစ်ဝှမ်း ရာသီဥတုပြောင်းလဲမှုကို ခံစားရလျက်ရှိပြီး မုန်တိုင်းတိုက်ခတ်မှု၊ ရေကြီးခြင်းကြောင့် နေအိမ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ပျက်စီးခဲ့ရကာ တောမီးများကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမီးလောင်ကျွမ်းခြင်းနှင့် မိသားစုများမှာ ၎င်းတို့နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ရှောင်တိမ်းရလျက်ရှိပါကြောင်း၊ အပူချိန်မြင့်မားခြင်းကြောင့် အမေရိကန်မိသားစုများ၏ လူမှုဘဝနှင့် စားဝတ်နေရေးကို ထိခိုက်စေခဲ့ကြောင်း၊ သမ္မတဂျိုးဘိုင်ဒင်အနေဖြင့် သမ္မတတာဝန်စတင်ယူသည့် အချိန်မှစ၍ ရာသီ ဥတုပြောင်းလဲမှု အကျပ်အတည်းကို နိုင်ငံတွင်း၌သာမက နိုင်ငံတကာမှာပါ ကိုင်တွယ်ဖြေရှင်း ဆောင် ရွက်လျက်ရှိပါကြောင်း၊ မမျှော်မှန်းနိုင်သော၊ ချက်ချင်းတုံ့ပြန်ရန် လိုအပ်သော အမျိုးသားလုံခြုံရေးအရေးပေါ် အခြေအနေတို့မှအပ Liquefied Natural Gas (LNG) တင်ပို့မှုနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အား သမ္မတဂျိုးဘိုင်ဒင် အစိုးရအနေဖြင့် ယာယီဆိုင်းငံ့လိုက်ကြောင်း၊ ထိုသို့ဆိုင်းငံ့ထားစဉ်တွင် LNG တင်ပို့မှုကြောင့် စွမ်းအင်ဈေးနှုန်း၊ အမေရိကန်နိုင်ငံ၏ စွမ်းအင်လုံခြုံမှုနှင့် သဘာဝ ပတ်ဝန်းကျင်များကို သေချာစွာလေ့လာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံ အနေဖြင့် သန့်စင်သောစွမ်းအင်ကဏ္ဍရှိ အလုပ်အကိုင်များဖန်တီးပေးခြင်း၊ အရည်အသွေးရှိသည့် ဘဝ နေထိုင်မှုတိုးတက်လာစေရန် အားပေးမြှင့်တင်ခြင်းနှင့် ကလေးငယ်များအတွက် မျှော်လင့်ချက်ပြည့်ဝ သည့် အနာဂတ် တည်ဆောက်ခြင်းတို့ဖြင့်  အကျပ်အတည်းကို အခွင့်အလမ်းအသွင်ကူးပြောင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။ 

အမေရိကန်နိုင်ငံသည် သဘာဝဓာတ်ငွေ့တင်ပို့မှု အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရုရှား-ယူကရိန်း ပဋိပက္ခ နောက်ပိုင်းတွင် ဥရောပနိုင်ငံများသို့ LNG တင်ပို့ခဲ့ကြောင်း လေ့လာသိရှိရပြီး သမ္မတ ဂျိုးဘိုင်ဒင်၏ ဤကဲ့သို့သော ဆုံးဖြတ်ချက်သည် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများ၏ ဖိအားပေးမှုကြောင့်ဖြစ်သလို ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် လူငယ်မဲဆန္ဒရှင်များ၏ မဲရရှိရန် ကြိုးပမ်း ချက်တစ်ရပ်လည်းဖြစ်နိုင်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: International News