International News

ထိုင်းနှင့်ယူကေတို့ နိုဝင်ဘာလအတွင်း တွေ့ဆုံမည့် အစည်းအဝေးကို ထိုင်းကအိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည်ဖြစ်

Last Updated:

ထိုင်းနှင့် ယူကေတို့သည် ဒုတိယအကြိမ်မြောက် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးတွဲ ကော်မတီ (Joint Economic and Trade Committee-Jetco) အစည်းအဝေးကို နိုဝင်ဘာလတွင်ကျင်းပရန် စီစဉ်လျက်ရှိပြီး ထိုင်းကအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း၊ အစားအစာ၊ အဖျော်ယမကာ၊ ကျန်းမာရေး၊ ပညာရေး၊ မော်တော်ယာဉ်၊ လယ်ယာစိုက်ပျိုးရေးနှင့် Digital ကဏ္ဍများတွင် မဟာဗျူဟာကျ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် နှစ်နိုင်ငံလုံးက စိတ်အားထက်သန်လျက်ရှိကြောင်း ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Ms. Auramon Supthawee-thum က ပြောကြားခဲ့ပါသည်။

အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ်တွင် နှစ်နိုင်ငံအကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်များအတွက် လမ်းကြောင်းဖြစ်ပါကြောင်း၊ ဥရောပသမဂ္ဂမှ ယူကေ နုတ်ထွက်လိုက်ပြီးနောက် ထိုင်းနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုခိုင်မာလာပါကြောင်း၊ အပြန်အလှန်စိတ်ဝင်စားမှုများမှတစ်ဆင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားမည်ဖြစ်ကြောင်း Ms. Auramon က ဖြည့်စွက် ပြောကြားပါသည်။

၂၀၂၂ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ယူကေနိုင်ငံ၌ ကျင်းပခဲ့သော ပထမအကြိမ် ကော်မတီအစည်းအဝေး၌ ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Mr. Jurin Lak-sanawisit နှင့် ယူကေပြည်နယ်ကုန်သွယ်ရေးမူဝါဒ ဝန်ကြီး Ms. Penny Mordaunt တို့က လုပ်ငန်းအစီအစဉ် (Work Plan) ကို သဘောတူခဲ့ပါကြောင်း၊ ယင်းအစီအစဉ်အရ လယ်ယာစိုက်ပျိုးရေး၊ Digital၊ ရင်းနှီးမြှုပ်နှံမှု၊ မော်တော်ယာဉ်၊ အစားအစာနှင့် အဖျော်ယမကာ၊ ဘဏ္ဍာရေးဝန်ဆောင်မှုများနှင့် ကျန်းမာရေးကဏ္ဍတို့တွင် အတားအဆီးများ လျှော့ချစေရေးနှင့် ကုန်သွယ်ရေး တွင် လွယ်ကူချောမွေ့စေရေးတို့ကို လာမည့် ၁ နှစ်၊ ၂ နှစ်အတွင်း  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ်ကို ရှင်းလင်းပြောကြားပါသည်။

ယူကေသည် ထိုင်းနိုင်ငံ၏ အဆင့် ၂၂ ရှိသောကုန်သွယ်ရေး မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ ပထမ ၅ လအတွင်း နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃.၀၃ ဘီလီယံရှိခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံမှ ပြုပြင်ထားသောကြက်သား၊ မိုဘိုင်းဖုန်းများ၊ မော်တော်ယာဉ်အစိတ်အပိုင်းများ၊ မော်တော်ဆိုင်ကယ်များနှင့် အစိတ်အပိုင်းများ၊ လေယာဉ်နှင့်အစိတ်အပိုင်းများ၊ လက်ဝတ်ရတနာများ တင်ပို့ခဲ့ပြီး ယူကေနိုင်ငံမှ စက်ပစ္စည်းနှင့် အစိတ်အပိုင်းများ၊ လျှပ်စစ်ဆိုင်ရာ ဆားကစ်စ်များ၊ mineral water၊ ကာဗွန်နိတ် အဖျော်ယမကာများ၊ အရက်ပြန်၊ လူစီးမော်တော်ယာဉ်များနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို တင်သွင်းခဲ့ကြောင်း Ms. Auramon က ပြောကြားခဲ့ပါသည်။

 

 

 

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: www.bangkokpost.gov   

Category: International News