International News

၁၇ ကြိမ်မြောက် ဥရောပ-တရုတ် ကုန်စည်ပြပွဲသို့ ကိုယ်စားလှယ် ၂,၀၀၀ ကျော်တက်ရောက်မည်

Last Updated:

၁၇ ကြိမ်မြောက် ဥရောပ-တရုတ် စီးပွားရေးနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကုန်စည်ပြပွဲသို့ တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံများမှ အရာရှိများ၊ ကျွမ်းကျင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင် များပါဝင်သည့် ကိုယ်စားလှယ် ၂,၀၀၀ ကျော်တက်ရောက်မည်ဖြစ်ကြောင်း ပြပွဲစီစဉ်သူများ၏ ပြောကြားချက်အရ သိရှိရပါသည်။

ကုန်စည်ပြပွဲကို တရုတ်နိုင်ငံတွင်းရှိ တရုတ်ကုန်သည်ကြီးများအသင်းနှင့် ဥရောပကုန်သည်ကြီးများအသင်းတို့ ပူးပေါင်း၍ ၃၀-၆-၂၀၂၃ မှ ၁-၇-၂၀၂၃ အထိ တရုတ်နိုင်ငံအနောက်တောင်ဘက်၊ စီချွမ်းပြည်နယ်၏ မြို့တော်ချန်ဒူးတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ကုန်စည်ပြပွဲကို “စိန်ခေါ်မှု၊ အခွင့်အလမ်း၊ စုစည်းဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု" ခေါင်းစဉ်ဖြင့် ပြုလုပ်မည်ဖြစ်ကာ တရုတ်နှင့်ဥရောပ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေးနိုင်ရန် ပြည့်စုံသည့် လမ်းကြောင်းတစ်ခုအဖြစ် ဖော်ဆောင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ကုန်စည်ပြပွဲတွင် တရုတ်-ဥရောပ စီးပွားရေးနှင့်ကုန်သွယ်မှုနယ်ပယ်အတွင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးမှုများပြုလုပ်ကာ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းသစ်များ ပူးပေါင်းရှာဖွေနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ပြပွဲကို Online နှင့် Offline အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပမည်ဖြစ်ပြီး တက်ရောက်သူများအနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ အကြောင်းအရာများကို အဓိကထား၍ ပူးပေါင်းဆောင်ရွက်ရန် အပြန်အလှန်ဆွေးနွေးဖလှယ်မှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ချန်ဒူးမြို့အနေဖြင့် မကြာသေးမီနှစ်များက Belt and Road Initiative လမ်းကြောင်းအတွင်း ဝင်ရောက်ခဲ့ပြီး တရုတ်-ဥရောပ ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ အကျိုးကျေးဇူးများရရှိခဲ့ကြောင်းနှင့် ၂၀၂၂ ခုနှစ်က EU သည် ၎င်း၏ တတိယမြောက် ကုန်သွယ်မှုမိတ်ဖက်နိုင်ငံ ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

Source: Over 2,000 to attend 17th EU-China fair in SW China (www.gov.cn)

(စီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: International News