International News

တရုတ်နိုင်ငံသည် “ရင်းနှီးမြှုပ်နှံရန်ခက်ခဲသော (Uninvestible)” နိုင်ငံတစ်ခုအဖြစ် အမေရိကန် စီးပွားရေး လုပ်ငန်းများက ညည်းညူခဲ့ကြကြောင်း Ms. Gina Raimondo က ပြောကြားခဲ့

Last Updated:

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo ၏ ခရီးစဉ် ဒုတိယနေ့(၂၉-၈-၂၀၂၃) ရက်နေ့တွင် “တရုတ်နိုင်ငံသည် “ရင်းနှီးမြှုပ်နှံရန်ခက်ခဲသော (Uninvestible)” နိုင်ငံတစ်ခု အဖြစ် အမေရိကန် စီးပွားရေးလုပ်ငန်းများက ညည်းညူခဲ့ကြကြောင်း Ms. Gina Raimondo က ပြောကြားခဲ့” သည်ဟု ၂၉-၈-၂၀၂၃ ရက်နေ့ထုတ် Reuters အွန်လိုင်းသတင်းတွင် “Commerce says US firms Complain China is ‘Uninvestible’” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo က အမေရိကန် ကုမ္ပဏီများသည် စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့ကို “ရှင်းလင်းချက်မပေးဘဲ” အဆမတန် ဒဏ်ငွေများ ပေးဆောင်စေခြင်း၊ မရှင်းမလင်းသည့် ထောက်လှမ်းရေးဥပဒေအား ပြန်လည်ပြင်ဆင်ခြင်း၊ အမေရိကန် စီးပွားရေးအသိုက်အဝန်းမှတစ်ဆင့် တုန်လှုပ်စေရန်ပြုလုပ်ခြင်း၊ စီးပွားရေးလုပ်ငန်းများကို စီးနင်းရှာဖွေခြင်းစသည့် စိန်ခေါ်မှုများရင်ဆိုင်နေရပြီး ယင်းတို့ကို ဖော်ထုတ်ရန်လိုအပ်ပါကြောင်း၊ ချိပ်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သော Micron Technology ၏ ထုတ်ကုန်များကို ယခုနှစ် အစောပိုင်းတွင် အကြောင်းပြချက် တစ်စုံတစ်ရာမပေးဘဲ တရုတ်နိုင်ငံက ကန့်သတ်ခဲ့ပါကြောင်း၊ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး  Ms. Gina Raimondo က တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Mr. Wang Wentao နှင့်တွေ့ဆုံစဉ် အမေရိကန်အနေဖြင့် တရုတ်နိုင်ငံနှင့်ပူးပေါင်းကာ “ရာသီဥတု ပြောင်းလဲမှု၊ ဉာဏ်ရည်တု (Artificial Intelligence) ၊ Fentanyl Crisis တို့တွင် လူသားတစ်ရပ်လုံးကို အကျိုးပြုသည့် ကိစ္စရပ်များ၌ ပူးပေါင်း ဆောင်ရွက်လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အမေရိကန်အနေဖြင့် လျှပ်စစ်မော်တော်ကား အခွန်မူဝါဒချမှတ်ကာ တရုတ်နိုင်ငံ၏ ထောက်ပံ့ရေးကွင်းဆက်များကို ပြောင်းလဲရန်ဆောင်ရွက်နေပြီး သမ္မတအမိန့်ထုတ်ပြန်ခြင်းဖြင့်  Semiconductor နှင့် အခြားအမေရိကန် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား တရုတ်နိုင်ငံမှ ထွက်ခွာလာရန် ပြုလုပ်လျက်ရှိပါကြောင်း၊ နိုင်ငံတကာရင်းမြစ်များရှာဖွေခြင်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအပါအဝင် နိုင်ငံတကာစီးပွားရေးဆိုင်ရာ အရောင်းအ၀ယ် ကိစ္စရပ်များတွင် ဆယ်စုနှစ်များစွာအတွေ့အကြုံရှိသည့် တရုတ်နိုင်ငံရှိအကြံပေးကုမ္ပဏီ တစ်ခုဖြစ်သော Buchalter မှ Partner Mr. John Ramig က စီးပွားရေးလုပ်ငန်းများ တရုတ်နိုင်ငံတွင် လုပ်ငန်းချဲ့ထွင်လိုသည့်ဆန္ဒမရှိဘဲ တရုတ်နိုင်ငံရှိ ၎င်းတို့၏ လုပ်ငန်းများကိုရောင်းချကာ အခြားနေရာများတွင် ပြောင်းလဲရင်းနှီးမြှုပ်နှံလိုကြသည်ဟု ပြောကြားခဲ့ပါကြောင်းဖြင့် ဖော်ပြထားပါသည်။

အမေရိကန်-တရုတ်တို့အကြား “ပို့ကုန်ထိန်းချုပ်ရေးဆိုင်ရာ သတင်းအချက်အလက်ဖလှယ်မှု” ဆိုင်ရာ နှစ်နိုင်ငံပထမဆုံးအစည်းအဝေးကို ၂၉-၈-၂၀၂၃ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ယင်းသို့ ဖလှယ်ရာတွင် အမေရိကန်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ်ရေးအစီအမံများနှင့် ယင်းအစီအမံများ  နောက်ကွယ်ရှိ အကောင်အထည်ဖော်လိုသည့် မူဝါဒများနှင့် ကိုက်ညီမှုရှိစေရေး မည်သို့ဆောင်ရွက်ရမည်ကို အမေရိကန်ဘက်မှ ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံဘက်မှ ဒရုန်းနှင့် ပတ်သက်သော ပစ္စည်းကိရိယာများအပေါ် ကန့်သတ်မှုအသစ်ဖြစ်သည့် ပို့ကုန်ထိန်းချုပ်ရေးအစီအမံ များကိုလည်း ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း ဖော်ပြထားသည်ကိုတွေ့ရပါသည်။

အမေရိကန်နှင့် တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးများသည် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များအတွက် အဖြေရှာနိုင်ရန်အတွက် အစိုးရကိုယ်စားလှယ်များနှင့် စီးပွားရေးကိုယ်စားလှယ်များပါဝင်သည့် လုပ်ငန်းအဖွဲ့တစ်ခုဖွဲ့စည်းရန် သဘောတူညီခဲ့ကြပါကြောင်းနှင့် ယင်း လုပ်ငန်းအဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ အစောပိုင်းမှစ၍ တစ်နှစ်လျှင် (၂) ကြိမ်ခန့် တွေ့ဆုံသွားမည် ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

ဝန်ကြီး Ms. Gina Raimondo သည် အမေရိကန်စီးပွားရေးလုပ်ငန်းများနှင့် တွေ့ဆုံစဉ် အမျိုးသားလုံခြုံရေးဆိုသည်မှာ အလျော့အတင်းလုပ်၍ မရသည့်ကိစ္စရပ်ဖြစ်ကြောင်း၊ အမေရိကန် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် တစ်ကိုယ်ရေသုံးပစ္စည်များကို တရုတ် ဈေးကွက်သို့ တင်ပို့လိုကြောင်း ဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

 

 

Category: International News