International News

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် စက်တင်ဘာလအတွင်း လျော့ကျနိုင်မည်ဖြစ်ကြောင်း ခန့်မှန်း

Last Updated:

အိန္ဒိယနိုင်ငံမှ တစ်နှစ်ပတ်လုံးဆန်တင်ပို့မှုဆိုင်ရာ ရပ်ဆိုင်းလိုက်သည့် မူဝါဒအပြောင်းအလဲအား စောင့်ဆိုင်းနေခြင်းကြောင့် ကမ္ဘာ့ဆန်စားသုံးမှုမြင့်မားသည့် နိုင်ငံများကြား ရိုက်ခတ်မှု များ ရှိနေသောကြောင့် လာမည့် စက်တင်ဘာလအတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှု ကျဆင်းနိုင်ကြောင်း ကမ္ဘာ့ဆန်ဈေးကွက်အား လေ့လာစောင့်ကြည့်နေသူ တစ်ဦးဖြစ်သူ SSResource Media Pte.Ltd မှ Subramanian Venkatram မှ ခန့်မှန်းပြောကြားခဲ့ပါသည်။

စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများသည် ဆန်တင်သွင်းမှု အဝင်များကျဆင်းနိုင်သည့်လများဖြစ်ပါကြောင်း၊ အိန္ဒိယနှင့် အလားသဏ္ဍာန်ဆင်တူစွာဖြင့် ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့ရောင်းချသူများအနေဖြင့်လည်း ၎င်းတို့နှင့် ပြုလုပ်ထားသည့် ဆန်ရောင်းချရေး ဆိုင်ရာ သဘောတူညီချက်များကို တစ်ဖက်မှ ဝယ်သူများနှင့် အမြင့်ဈေးနှုန်း ရရှိနိုင်ရေး  ပြန်လည်ညှိနှိုင်းမှုများ ပြုလုပ်လာနိုင်သည်ဟု Philippines Rice Industry Stakeholders Movement (PRISM) မှ ခန့်မှန်းထားရှိပါသည်။

ဗီယက်နမ်နိုင်ငံမှ ဆန်ရောင်းချသည့်ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဗီယက်နမ်ဆန်ကုန်သည်များမှလည်း အရောင်း/အဝယ်စာချုပ်များကို ဖျက်သိမ်းခဲ့မှုအများအပြား ရှိခဲ့ပါကြောင်း၊ ဈေးနှုန်း ကွာဟချက်မှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀ မှ ၇၀ ကြား ရှိခဲ့ခြင်းသည် အဓိက အချက်တစ်ချက်ဖြစ်ပြီး ၎င်းတို့မှ ဆန်တင်ပို့မှုများ ဖျက်သိမ်းခဲ့ခြင်းကြောင့် ဆန်ဝင်ရောက်မှု လျော့နည်းလာစေမည်ဖြစ်ပါသည်။

ဖိလစ်ပိုင်အစိုးရအနေဖြင့် ထိုကဲ့သို့ ဆန်တင်ပို့မှုသဘောတူညီချက်များ ဖျက်သိမ်းရပ်ဆိုင်းမှုမရှိစေရေး အခြေအနေများနှင့် တင်သွင်းမည့်ဆန်များ အချိန်မီရောက်ရှိရေးတို့စပ်လျဉ်း၍ စတင် ဆွေးနွေးသင့်သည့် အချိန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ပြည်တွင်းရှိဆန်တောင်သူများကိုလည်း အစိုးရအနေဖြင့် လိုအပ်သည့် ထောက်ပံ့ပေးမှုများ ဆောင်ရွက်ပေးစေလိုကြောင်း ဖော်ပြပါရှိပါသည်။  

ယခုကဲ့သို့ ဆန်တင်သွင်းမှုများကျဆင်းနိုင်သည့် အခြေအနေသည် အခြားသော နိုင်ငံများတွင်လည်း ဖြစ်ပေါ်နိုင်ချေရှိပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဆန်ဈေးကွက်အတွင်းရှိ ဆန်ကုန်သွယ်မှု များ ကျဆင်းလာရခြင်းမှာ ကုန်သည်များအနေဖြင့် အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှုရပ်ဆိုင်းထားခြင်းကို ပြန်လည်ဖွင့်လှစ်နိုင်သည်ဟူသည့် မျှော်လင့်ချက်များ ရှိနေခြင်းကြောင့်ဖြစ်ပါသည်။ ဆန်ဈေးကွက်အတွင်းရှိ လူများအားလုံး သတိထားဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း SS Rice News Network 2024 အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံးနိုင်ငံများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှစတင်၍ နိုင်ငံတွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် ဘာစမာတီ မဟုတ်သည့်ဆန်နှင့် ဆန်ကြမ်းတင်ပို့မှုကို ရပ်ဆိုင်းခဲ့သဖြင့် ဆန်တင်သွင်းမှုမြင့်မားသည့်ဖိလစ်ပိုင်နိုင်ငံကဲ့သို့သော ဆန်တင်သွင်းသည့် နိုင်ငံများသည် အခြားသော ဆန်တင်ပို့ ရောင်းချမည့်သူများကို ရှာဖွေခဲ့ရပါသည်။

နှစ်နိုင်ငံ သဘောတူညီချက်အားဖြင့် ဖိလစ်ပိုင်နိုင်ငံသည် အိန္ဒိယနိုင်ငံမှ  ဆန်တန်ချိန် ၂၀,၀၀၀ ဝယ်ယူနိုင်မည်ဖြစ်ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၈-၈-၂၀၂၄ ရက်နေ့ထိ ဆန်တန်ချိန် ၅.၅၇ သန်းထိ တင်သွင်းခဲ့ပြီးဖြစ်ကြောင်းနှင့် အဓိက တင်သွင်းခဲ့သည့်နိုင်ငံအနေဖြင့် ဗီယက်နမ်မှ တန်ချိန် ၁.၉၅ သန်း၊ ထိုင်းနိုင်ငံမှ ၃၆၀,၄၄၄.၇၄ တန်တို့ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

၂၀၂၄ ခုနှစ်၊ ယခုကာလအထိ ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ၂၀၂၃ ခုနှစ်က တင်သွင်းမှုစုစုပေါင်း၏ ၇၁.၁% ထရောက်ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ ဗီယက်နမ် နိုင်ငံမှ ဆန်ဝယ်ယူမှု ကျဆင်းခဲ့ခြင်းကြောင့် ဆန်တင်သွင်းမှုလျော့ကျနိုင်ကြောင်းကို အမေရိကန် စိုက်ပျိုး ရေးဌာနမှလည်း ပြင်ဆင်ခန့်မှန်းခဲ့ပါသည်။

ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်နှုန်းထား လျှော့ချပေးခဲ့ခြင်းကို ၂၀၂၈ ခုနှစ်ထိ သက်တမ်းတိုးပေးခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၆၂ ကိုလည်း ပြီးခဲ့သည့် ဇွန်လက သမ္မတ မားကို့စ်မှ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါသည်။ အခွန်နှုန်းလျှော့ချပေးရခြင်းမှာ ကုန်စည်ဈေးနှုန်းများမြင့်တက်နေခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်နေခြင်း လျော့ကျစေရန်၊ ပြည်တွင်း စားသုံးကုန်စည်ဈေးနှုန်းများ ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၁-၁-၂၀၂၄ ရက်နေ့မှ ၁၅-၈-၂၀၂၄ ရက်နေ့ထိ ဆန်တင်သွင်းမှုတန်ချိန် ၂.၆၅ သန်း မက်ထရစ်တန်ထိ ရောက်ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ၂.၀၃ တန်ကျော်ခန့်မှာ ဗီယက်နမ်နိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ကျန်ပမာဏမှာ ထိုင်း၊ မြန်မာ၊ ပါကစ္စတန်နှင့် အိန္ဒိယတို့မှ ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံမှာ ဆန်တင်သွင်းသည့် ကုမ္ပဏီ ပေါင်း ၁၅၄ ခု ရှိနေပြီး ၎င်းတို့သည် ဆန်တင်သွင်းမည်ဆိုပါက စိုက်ပျိုးရေးဝန်ကြီးဌာနမှ Sanitary and Pytosanitary Import Clearance (SPSICs) ရရှိရန်လိုအပ်မည် ဖြစ်ပါသည်။ ထိုမှသာ လူနှင့်တိရစ္ဆာန်စာအတွက် ဘေးကင်းလုံခြုံမှုရှိပြီး inbound shipment အား ခွင့်ပြုခြင်းဖြစ်ပါသည်။

အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနမှလည်း ဖိလစ်ပိုင်နိုင်ငံ၏ ၂၀၂၄ ခုနှစ်အတွက် ဆန်တင်သွင်းမှုကို မနှစ်ကခန့်မှန်းခဲ့သည့် တန်ချိန် ၄.၇ သန်းထက် လျော့နည်းပြီး တန်ချိန် ၄.၆ သန်း သို့ ပြောင်းလဲခန့်မှန်းထားခဲ့ခြင်း၏ အဓိက အကြောင်းအချက်မှာ ဗီယက်နမ်နိုင်ငံမှ တင်သွင်းမှု လျော့ကျလာ၍ဖြစ်ပါသည်။ဈေးနှုန်းကွာဟချက်များလည်းရှိလာပြီး ဗီယက်နမ်နိုင်ငံမှ တစ်တန်လျှင် ၇ အမေရိကန်ဒေါ်လာ မြင့်တက်လာပြီး ၅၅၉ အမေရိကန်ဒေါ်လာသို့ လည်းကောင်း၊ ထိုင်းနိုင်ငံမှ ၂ ဒေါ်လာ မြင့်တက်၍ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၇၃ သို့ လည်းကောင်း အသီးသီးမြင့်တက်ခဲ့ကြောင်း လေ့လာသိရှိရပါသည်။

 

Source; https://business.inquirer.net/476715/slowdown-in-rice-imports-seen-by-sept

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

 

Category: International News