Local News

ပြည်တွင်း၊ ပြည်ပက ဝယ်ယူမှုများပြားသဖြင့် မန္တလေးဈေးကွက်တွင် ပဲယဉ်း(နီ) အရောင်းအဝယ်ကောင်းမွန်လျက်ရှိ

Last Updated:

ပြည်တွင်း၊ ပြည်ပက ဝယ်ယူမှုများပြားသဖြင့် မန္တလေးဈေးကွက်တွင် ပဲယဉ်း(နီ)အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်)အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။ ပဲယဉ်း(နီ)ကို ယခင်က မန္တလေးဈေးကွက်အတွင်း အရောင်းအဝယ်အေးခဲ့ကြောင်း၊ လက်ရှိတွင် ပြည်တွင်းဈေးကွက်အပြင် ပြည်ပကလည်း ဝယ်ယူမှုပြန်လည်များပြားလျက်ရှိသဖြင့် မန္တလေးဈေးကွက်အတွင်း ပဲယဉ်း(နီ)များ အရောင်းအဝယ်ပြန်လည်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

“အခုလက်ရှိ ပဲယဉ်း(နီ)တွေ မန္တလေးဈေးကွက်အတွင်း ကုန်သည်တွေက ဝယ်ယူမှုများပြားလာတာကြောင့် အရောင်းအဝယ်ပြန်ကောင်းလာတယ်။ တရုတ်ဘက်ကို အဓိကထားတင်ပို့တဲ့ ပဲယဉ်း(နီ)တွေကို မှာယူမှုများတာကြောင့် အရောင်းအဝယ်ပြန်ကောင်းလာပါတယ်” ဟု ဦးစက်မောင်ဆွေက ပြောပြသည်။ မန္တလေးဈေးကွက်အတွင်း ဩဂုတ်လ ၂၉ ရက်နေ့ပေါက်ဈေးအရ ပဲယဉ်း(နီ) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။

“မန္တလေးကုန်စည်ဒိုင်အတွင်းမှာ ပဲယဉ်း(နီ)အရောင်းအဝယ်လုပ်တဲ့ကုန်သည်တွေ အခုလတ်တလော ပြန်ပြီးများလာတယ်။ ပဲယဉ်း(နီ)အပြင် အချို့ကုန်စည်တွေကိုလဲ ကြိုက်တဲ့ကုန်သည် တချို့ကတော့ ဝယ်သွားတာတွေရှိတယ်” ဟု ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း(မန္တလေးကုန်စည်ဒိုင်) အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News