International News

ထိုင်းနိုင်ငံ Eastern Economic Corridor (EEC) အတွက် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို EEC မူဝါဒ ကော်မတီက အတည်ပြု

Last Updated:

တစ်နှစ်လျှင် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၁၀၀ ဘီလီယံဖြင့် ၅ နှစ်အတွက် ဘတ် ၅၀၀ ဘီလီယံ ဆွဲဆောင်နိုင်မည့် Eastern Economic Corridor (EEC) ဖွံ့ဖြိုးမှုအစီအစဉ်(မူကြမ်း) ၂၀၂၃-၂၀၂၇ အပေါ် EEC မူဝါဒကော်မတီက အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

EEC တွင် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရန် သတ်မှတ်လုပ်ငန်း ရင်းနှီးမြှုပ်နှံသူများအပေါ် ၁၀ နှစ်ဗီဇာခွင့်ပြုပေးခြင်းကို လာမည့်နှစ်တွင် စတင်သွားမည်ဖြစ်ကြောင်း၊ အစီအစဉ်တွင် ပါဝင်သည့် မဟာ ဗျူဟာများမှာ သတ်မှတ်စက်ရုံများနှင့် အနာဂတ်တွင် ဝန်ဆောင်မှုဆိုင်ရာတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်၊ အခြေခံအဆောက်အအုံ အဆင့်မြှင့်တင်ရန်၊ ပြောင်းလဲလာသော နည်းပညာများနှင့် တီထွင်ဆန်းသစ်မှုများကိုလက်ခံနိုင်သည့် လုပ်သားအရည်အသွေးတိုးမြှင့်ရန်၊ ခေတ်မီသက်ဝင်သောမြို့တော်များဖွံ့ဖြိုးရန်နှင့် ရင်းနှီးမြှုပ်နှံမှုမှ အကျိုးကျေးဇူးများသည် ပြည်သူများတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရှိစေရန်တို့ဖြစ်ကြောင်း အသေးစိတ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Phumtham Wechayachai က ပြောကြားခဲ့ပါသည်။

၂၀၂၃-၂၀၂၇ ခုနှစ်အတွင်း အစိုးရအားထားသော စက်မှုနယ်မြေတွင် လက်ရှိ ဘတ် ၇၅ ဘီလီယံထက်ပိုမို၍ ဘတ်  ၅၀၀ ဘီလီယံကို အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုများအဖြစ် ဝင်လာစေရန်ဖြစ်ကြောင်း၊ အစီအစဉ်သည် EEC ခရိုင်များမှ ခရိုင်ထုတ်လုပ်မှုကို ၆.၃ ရာခိုင်နှုန်းတိုးတက်စေပြီး ပြည်သူများ၏ ဝင်ငွေတိုးတက်စေရန် မျှော်မှန်းပါကြောင်း၊ လူမှုပတ်ဝန်းကျင်ကောင်းနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တိုးတက်စေရန်ဖြစ်ကြောင်း၊ EEC ဗီဇာကို အထူးကိစ္စရပ်အဖြစ် အစည်းအဝေးတွင် ဆွေးနွေးခဲ့ပါကြောင်း၊ ကျွမ်းကျင်ပညာရှင်များ (Specialists) အတွက် EEC ဗီဇာ S၊ အုပ်ချုပ်သူ (Executives) များအတွက် EEC ဗီဇာ E၊ ပညာရှင် (Professionals) များ အတွက် EEC ဗီဇာ P နှင့် ဇနီး/ခင်ပွန်း (Spouse) နှင့် မှီခိုများအတွက် EEC ဗီဇာ O စသည်ဖြင့် သတ်မှတ်ထားပါကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့ပါသည်။

တစ်ဦးချင်းတွင်လည်း အကျိုးကျေးဇူးများသိသိသာသာ ခံစားနိုင်ပါကြောင်း၊ EEC အလုပ်လုပ်ကိုင်ခွင့်၊ တစ်ဦးချင်းဝင်ငွေခွန် ၁၇ ရာခိုင်နှုန်း၊ အလုပ်စာချုပ်နှင့် ကိုက်ညီမှုရှိစွာ အများဆုံးဗီဇာ ၁၀ နှစ်၊ အွန်လိုင်းသတင်းပေးပို့ခြင်း၊ နိုင်ငံအဝှမ်းရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် အထူးလမ်းကြောင်းများ (အမြန်လမ်းကြောင်း-Fast Track) ကို အသုံးပြုခွင့်များရရှိမည်ဖြစ်ပြီး ယင်းခံစားခွင့်များသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်အကျုံးဝင်မည်ဖြစ်ပါသည်။

 

 

Source: www.bangkokpost. gov၊

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: International News