International News

ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် အထည်အလိပ်နှင့် ချည်ထည်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၄၄ ဘီလီယံ ရည်မှန်းထားရှိ

Last Updated:

ဗီယက်နမ် အထည်အလိပ်နှင့် ချည်ထည်များအသင်း (VITAS) သည် ယခုနှစ်နောက်ဆုံး သုံးလပတ်တွင် အပြုသဘောဆောင်သော ပြောင်းလဲမှုများကို မြင်တွေ့ရသောကြောင့် အထည်အလိပ်နှင့် ချည်ထည်တင်ပို့မှုမှ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံရရှိရန် ရည်မှန်းထားရှိကြောင်း သိရှိရပါသည်။

VITAS ဥက္ကဋ္ဌ Vu Duc Giang က မကြာသေးမီကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ယခုနှစ်တွင် ပို့ကုန်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ရှိပြီး ယခင်နှစ်ကထက် ၉ ဒသမ ၂ ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း၊ COVID-19 ကပ်ရောဂါ၏ ကမ္ဘာလုံးဆိုင်ရာ အကျိုးသက်ရောက်မှုနှင့် ဝယ်လို အားကျဆင်းမှုများကြားတွင် ဗီယက်နမ်၊ အထည်အလိပ်နှင့် အထည်ချုပ် ထုတ်ကုန်များအား နိုင်ငံနှင့် နယ်မြေ ၁၀၄ ခုသို့ တင်ပို့နိုင်မှုသည် စံချိန်တင်နိုင်သကဲ့သို့ စီးပွားရေးအသိုင်းအဝိုင်း၏ ကြီးမားသော ကြိုးပမ်းအားထုတ်မှုကို ပြသသည့် အောင်မြင်မှုတစ်ခုဖြစ်သည်ဟု Giang ကပြောကြားခဲ့သည်။

VITAS ၏ အဆိုအရ အမေရိကန်သည် စက်တင်ဘာလကုန်အထိ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ဖြင့် ဗီယက်နမ် အထည်အလိပ်နှင့် အဝတ်အထည် ထုတ်ကုန်များကို အကြီးမားဆုံး တင်သွင်းသူအဖြစ်ရှိနေခဲ့ပြီး ၎င်းနောက်မှ ဂျပန်က အမေရိကန်ဒေါ်လာ ၃ ဘီလီယံ၊ ကိုရီးယား သမ္မတနိုင်ငံမှ အမေရိကန်ဒေါ်လာ ၂.၄၃ ဘီလီယံ၊ အီးယူမှ အမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံတို့ အသီးသီးတင်သွင်းခဲ့ကြကြောင်း ဖော်ပြထားပါသည်။

အဓိက စျေးကွက်များထဲတွင် အီးယူသို့ ဗီယက်နမ်၏ တင်ပို့မှုမှာ ကိုးလအတွင်း ဝင်ငွေ ၁၃ ရာခိုင်နှုန်း ကျဆင်းသွားသဖြင့် မျှော်မှန်းချက် ပြည့်မီခြင်းမရှိခဲ့ကြောင်း၊ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်သူများသည် ပြည်ပသို့ တင်ပို့ရန် ထုတ်ကုန်များကွဲပြားစေရန် ထုတ်ကုန်အမျိုးအစား ၃၆ မျိုး တင်ပို့နိုင်အောင် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်၏ အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းသည် ကြီးမားသောစျေးကွက်အပေါ် မှီခိုအား ထားမှုကို လျှော့ချရန်အတွက် စျေးကွက်များ၊ ထုတ်ကုန်များ၊ ဖောက်သည်များနှင့် မိတ်ဖက်များကို ကွဲပြားစေခြင်းသည် မှီခိုအားထားမှုကိုလျှော့ချရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ လာမည့်နှစ် ရည်မှန်း ချက်ကို အကောင်အထည်ဖော်ရန် အရေးကြီးကြောင်း Giang က ပြောကြားခဲ့သည်။

VITAS ၏ အဆိုအရ အထည်ချုပ်လုပ်ငန်းသည် အစိမ်းရောင်ထုတ်လုပ်မှုနှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးတို့နှင့်အတူ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အစီအမံများကို ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ VITAS က ဗီယက်နမ်အနေဖြင့် ၎င်း၏ ဖက်ရှင်လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် အာရုံစိုက်ရန် လိုအပ်ကြောင်း၊ အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုတွင် ပြည်တွင်းအမှတ်တံဆိပ်များ ဖန်တီးခြင်းနှင့် ယင်းအမှတ်တံဆိပ်များကို တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့် အသိအမှတ်ပြုမှုကို ထူထောင်ရန်တို့ ပါဝင်ကြောင်းသိရှိရပါသည်။ VITAS ၏ အဓိကရည်ရွယ်ချက်မှာ ဗီယက်နမ်ဖက်ရှင်အမှတ်တံဆိပ်များ အသိအမှတ်ပြုမှုရရှိရေးနှင့် နိုင်ငံတကာစျေးကွက်တွင်မြှင့်တင်ရန်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

 

 

Source: VNA

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News