Local News

Digital e-Commerce Platform ဆိုင်ရာ စနစ်အတွက် စီမံခန့်ခွဲမှု (Administration) သင်တန်းဖွင့်ပွဲကျင်းပ

Last Updated:

နိုဝင်ဘာ ၂၉၊ နေပြည်တော်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် Digital e-Commerce Platform ဆိုင်ရာ စနစ်အတွက်စီမံခန့်ခွဲမှု (Administration) သင်တန်းကို ယနေ့ (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့) နံနက် (၁၀:၀၀) နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ သင်တန်း ခန်းမ၌ သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက သင်တန်းဖွင့်အမှာစကားပြောကြားရာ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်မှာ “ကုန်သွယ်ရေးလုပ်ငန်းများမှာ ချိတ်ဆက်ဆောင်ရွက်နိုင်မှု အခွင့်အလမ်းများ ပိုမိုဖြစ်ပေါ်စေဖို့ ရည်ရွယ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က တည်ဆောက်နေတဲ့  Digital e-commerce  Platform ကို ပိုမိုသိရှိနားလည်ပြီး စီမံခန့်ခွဲမှု (Administration) တွေကို ဆောင်ရွက်နိုင်အောင် သင်ကြားပေးမဲ့သင်တန်းဖြစ်ကြောင်း၊ Digital e-Commerce Platform ကို အကျိုးရှိရှိအသုံးချနိုင်ဖို့အတွက် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များကို Digital e-Commerce Platform ပေါ်ကို ရောက်လာအောင် ရှင်းပြနိုင်ဖို့လိုပါကြောင်း၊  ကိုယ်တိုင်လည်း ဘယ်လိုသုံးရ တယ်ဆိုတာ သိဖို့လိုအပ်ပါကြောင်း၊   ဒါကြောင့်လည်း ဒီသင်တန်းကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း” ပြောကြား ပါသည်။

Digital e-Commerce Platform ကို အကျိုးရှိစွာ အသုံးချနိုင်ရန် ဒေသဆိုင်ရာဦးစီးမှူးရုံးများက ဒေသတွင်းရှိ ပို့ကုန်လုပ်ငန်းရှင်များနဲ့ MSME များကို မိမိတို့ Digital e-Commerce Platform ရဲ့ ဝန်ဆောင်မှုတွေ ရှင်းပြနိုင်မှ  ကိုယ်တိုင်ပါဝင်လိုစိတ်ရှိမှာဖြစ်ပြီး ကျွမ်းကျင်စွာအသုံးချနိုင်အောင် ဆက်လက်ကူညီဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ပြည်ပရှိ စီးပွားရေးသံမှူးများက မိမိတို့နိုင်ငံမှ မြန်မာကုန်ပစ္စည်းများအကြောင်း စိတ်ဝင်စားသူများကို လေ့လာနိုင် မည့် Digital e-Commerce Platform တည်ရှိကြောင်းနှင့် ပြည်ပမှလုပ်ငန်းရှင်များကို ကျွမ်းကျင်စွာအသုံးချ တတ်စေရန် ကူညီပံ့ပိုးပေးရမှာဖြစ်ပါကြောင်း၊ ရုံးချုပ်မှ ဝန်ထမ်းများအနေနဲ့ ဆောင်ရွက်ဆဲလုပ်ငန်းများမှာ ဆက်နွယ်မှုရှိတဲ့ ပြည်ပက ကုန်သည်လုပ်ငန်းရှင်တွေ၊ ကုန်စည်ပြပွဲများသွား ရောက်ပြသရာမှာ ညှိနှိုင်းဆွေးနွေး ဘက် ပြည်ပကကုန်သည်လုပ်ငန်းရှင်များနဲ့ ပြည်တွင်းက MSMEs လုပ်ငန်းရှင်များကို မိမိတို့ဌာနရဲ့ Digital e-Commerce Platform ပေါ်ကို ရောက်ရှိလာအောင် ကုန်သွယ်မှုသတင်းအချက်အလက်နှင့်သုတေသနဌာနခွဲရဲ့ ICT ဌာနစုနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးရမှာ ဖြစ်ပါကြောင်း၊ ဒီသင်တန်းမှာ အသုံးပြုနည်း လမ်းညွှန်စာအုပ်များကိုပါ တစ်ပါတည်းဖြန့်ဝေထားတဲ့အတွက် သင်တန်းပြီးဆုံးတဲ့အခါမှာလည်း ဆက်လက်အသုံးချဆောင်ရွက်နိုင်ပါ ကြောင်း၊ ဒီ Platform ပေါ်ကို ပြည်တွင်းပြည်ပလုပ်ငန်းရှင်များက စိတ်ပါဝင်စားစွာ ပါဝင်အသုံးပြုမှသာ Platform တည်ဆောက်ရကျိုးနပ်မှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်း သားများ စုစုပေါင်းအင်အား (၇၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို (၃) ရက်ကြာ ဖွင့်လှစ်သင်ကြား ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Category: Local News