International News

တရုတ်-အာရပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးတက်မည့် အလားအလာရှိ

Last Updated:

တရုတ်နှင့် အာရပ်နိုင်ငံများသည် စီးပွားရေးနှင့် ကုန်သွယ်မှုများ ဆောင်ရွက်ရာ၌  အထူးသဖြင့် ဘဏ္ဍာရေးနှင့် စွမ်းအင်ကဏ္ဍများကို  ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ခြင်းမှတစ်ဆင့် နှစ်နိုင်ငံတိုးတက်မှုကို မြှင့်တင်ရန်နှင့် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ပံ့ပိုးပေးနိုင်မည့် အလားအလာများရှိကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှု၏ ထင်သာမြင်သာရှိသော တိုးတက်မှုကြောင့် တရုတ်နှင့် အာရပ်နိုင်ငံများသည် ဒစ်ဂျစ်တယ်စီးပွားရေး၊ ဘဏ္ဍာရေး၊ အခြေခံအဆောက်အအုံသစ်၊ သန့်ရှင်းသောစွမ်းအင်၊ ဝန်ဆောင်မှုနှင့် အဆင့်မြင့်ထုတ်လုပ်မှုကဲ့သို့သော နယ်ပယ်များတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နိုင်ချေရှိကြောင်း၊ ကျွမ်းကျင်သူများနှင့် စီးပွားရေးခေါင်းဆောင်များက ပြောကြားခဲ့သည်ဟုသိရှိရပါသည်။

ဆော်ဒီ-တရုတ်စီးပွားရေးကောင်စီ၏ ဥက္ကဋ္ဌ Mohammed Al Ajlan က တရုတ်နိုင်ငံသည် အစိမ်းရောင်နှင့် ဆန်းသစ်တီထွင်မှု ဦးဆောင်သော ဖွံ့ဖြိုးတိုးတက်သည့်ခေတ်သစ်သို့ ဝင်ရောက်လာသည်နှင့်အမျှ အာရပ်ကုမ္ပဏီများအနေဖြင့် ၎င်းတို့ရေရှည်တိုးတက်မှုနိုင်သည့် အလားအလာများ၊ အဆင့်မြင့်ကုန်ထုတ်လုပ်ငန်းနှင့် ဒစ်ဂျစ်တယ်စီးပွားရေးအပေါ် အာရုံစိုက်ဆောင်ရွက်ခြင်းမှ ပေါ်ပေါက်လာမည့် အခွင့်အလမ်းများကို ကောင်းမွန်စွာသိမြင်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Saudi Basic Industries Corp ၏ ဒုတိယဥက္ကဋ္ဌ Li Lei က တရုတ်နှင့် အာရပ်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်သည့် အကြောင်းအရာအသစ်သည် ကမ္ဘာ့ကုန်သွယ်မှုအတွက်သာမက တရုတ်နိုင်ငံ၌ အာရပ်ကုမ္ပဏီများအတွက် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်များနှင့် စားသုံးသူများတိုးတက်ရရှိစေသည့် အကြောင်းအရာများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ဟု သိရှိရပါသည်။

BRI ဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းအင်ကဏ္ဍ၌ပြည့်စုံသည့် လုပ်ငန်းပိုင်းဆိုင်ရာ ဖွဲ့စည်းတည် ဆောက်မှု၊ ရေရှည်ပူးပေါင်းဆောင်ရွက်မှုတို့ကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ခဲ့ခြင်း ကြောင့် အာရပ်နိုင်ငံများအသင်းနှင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုကာလအတွင်း ၈၂၀.၉ ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်း၊ ၂၀၀၄ ခုနှစ်တွင် ယွမ် ၃၀၃.၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံ) ရှိခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ယွမ်ငွေ ၂.၈ ထရီလီယံ ရှိခဲ့ကြောင်း အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက်အလက်များအရ သိရှိရပါသည်။

ယခုနှစ် ပထမလေးလအတွင်း တရုတ်နှင့် အာရပ်နိုင်ငံများ၏ ကုန်သွယ်မှုသည် ယွမ် ၉၄၆ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ကာလတူအတွက် သမိုင်းဝင် အမြင့်ဆုံးဖြစ်ခဲ့ကာ  ၃.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊  တရုတ်နိုင်ငံ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုတန်ဖိုး၏ ၆.၉ ရာခိုင်နှုန်းရှိခဲ့ ကြောင်း သိရှိရပါသည်။

ပေဂျင်းအခြေစိုက် China Academy of International Trade and Economic Cooperation၊ Modern Supply Chain Research Institute မှ ဒါရိုက်တာ Lin Meng က အီဂျစ်လိမ္မော်သီး၊ ဆီးရီးယား နှင်းဆီရနံ့၊ တူနီးရှားသံလွင်ဆီနှင့် Saudi dates taste ကဲ့သို့သော အာရပ်ထုတ်ကုန်များသည် လူကြိုက်များလာခဲ့ကြောင်း၊ အာရပ်ရှိနေအိမ်များတွင် တရုတ်နိုင်ငံထုတ် စွမ်းအင်သုံးကားသစ်များ၊ အိမ်သုံးပစ္စည်းများနှင့် စမတ်ဖုန်းများ ပိုမိုသုံးစွဲလာခဲ့ကြောင်း ပြောကြားခဲ့သည်ဟုသိရှိရပါသည်။

အာရပ်နိုင်ငံများအဖွဲ့ချုပ်၏ တရုတ်ကိုယ်စားလှယ်ရုံး အကြီးအကဲ Ahmed Fahmy က တရုတ် လျှပ်စစ်မော်တော်ယာဉ်များကို အာရပ်နိုင်ငံများတွင် ကောင်းမွန်စွာ အသုံးပြုလျက်ရှိကြောင်း၊ ၎င်းတို့၏ နည်းပညာစွမ်းပကားနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ကျေးဇူးတင်ကြောင်း၊ အဆိုပါ အောင်မြင်မှုကြောင့် စွမ်းအင်အသွင်ကူးပြောင်းရေး ဆောင်ရွက်ရာတွင် တရုတ်ကုမ္ပဏီများသည် အာရပ်နိုင်ငံများ၏ မိတ်ဖက်အဖြစ် ရပ်တည်လျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 

Source: https://www.chinadaily.com.cn/a/202405/31/WS66591041a31082fc043ca1e7.html

ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ         

Category: International News