Local News

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလတွင် ငါးပြေမပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့‌ရောင်းချခဲ့ရ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့်ဧပြီလတွင် ငါးပြေမပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ဘိုကလေးမြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်‌ရေးပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်‌ရေးပွဲရုံပိုင်ရှင်များသည် ဒေသထွက်ကုန်အမျိုးမျိုးကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး မတ်လအတွင်းက ငါးပြေမပိဿာချိန် ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ငါးပြေမပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

“ဒေသထွက် ငါးပြေမတွေကို ပြည်တွင်းရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းခဲ့တယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်း ငါးပြေမပိဿာချိန် ၇၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရတယ်။ ပြီးခဲ့တဲ့လတွေကထက် ပိဿာချိန် တော်တော်များများပိုမိုတင်ပို့ ရောင်းချခဲ့ရပါတယ်။ ဘိုကလေးမြို့နယ်ကနေ ငါးပြေမတွေအပါအဝင် ရေထွက်ကုန်မျိုးစုံ ရန်ကုန်ဈေးကွက်ကိုပဲ အများဆုံးတင်ပို့ရောင်းချတာများပါတယ်။ အခြားရေထွက်ကုန်တွေလဲ တင်ပို့ရောင်းချနေပါတယ်။ ငါးပြေမကတော့ အများဆုံးတင်ပို့ခဲ့ရတာပါ” ဟု ဘိုကလေးမြို့နယ်မှ ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ကေခိုင်က ပြောပြသည်။

ဘိုကလေးမြို့နယ်တွင် လယ်ငါးပြေမနှင့် မွေးမြူရေးငါးပြေမနှစ်မျိုး အများဆုံးထွက်ရှိပြီး ထွက်ရှိလာသည့် ငါးပြေမများကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးပြေမပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၁၁၅၀၀၀ ထိ ဈေးပေါက်နေကြောင်း၊ ငါးပြေမငါးသည် ဈေးကွက်အခိုင်အမာရှိခြင်းကြောင့် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ငါးပြေမငါးအမျိုးအစားကို ထပ်တိုးမွေးမြူလာကြကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News