အကယ်၍ ဒေါ်နယ်ထရမ့်သာသမ္မတအဖြစ် ရွေးကောက်ခံရပါက တရုတ်နိုင်ငံအပေါ် အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံမှုကြောင့် အမေရိကန်စိုက်ပျိုးထုတ်လုပ်သူများသည် ဒေါ်လာ ဘီလီယံများစွာ ဆုံးရှုံးကာ ဘရာဇီးလ်စိုက်ပျိုးထုတ်လုပ်သူများနှင့် ယှဉ်ပြိုင်ရနိုင် ကြောင်း၊ သမ္မတလောင်း ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံ၏ သွင်းကုန်အားလုံးအပေါ် အကောက်ခွန်နှုန်း (၁၀)မှ (၂၀) ရာခိုင်နှုန်းအထိ၊ တရုတ်နိုင်ငံမှ သွင်းကုန်များကို အကောက်ခွန်နှုန်း (၆၀)ရာခိုင်နှုန်းအထိ တိုးမြှင့် ကောက်ခံမည်ဟု အဆိုပြုထားရာ အမေရိကန် နိုင်ငံကယင်းသို့အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံပါက တရုတ်နိုင်ငံဘက်မှလည်း လက်တုံ့ပြန် လာနိုင်ကြောင်း၊ အမေရိကန်စိုက်ပျိုးရေး ထုတ်ကုန်အများဆုံးကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိရာ တရုတ်နိုင်ငံကလည်း အမေရိကန်မဟုတ်သည့် အခြားနိုင်ငံများမှ စိုက်ပျိုးရေး ထုတ်ကုန်များကို ဝယ်ယူလာနိုင်ကြောင်း၊ အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်ရေး တင်းမာမှု မြင့်တက်လာပါက အမေရိကန်နိုင်ငံ၏ ထုတ်ကုန်များသည် ဘရာဇီးလ်နိုင်ငံ၏ ထုတ်ကုန်များနှင့် ယှဉ်ပြိုင်ရနိုင်ပြီး ပို့ကုန်ကျဆင်းလာနိုင်ကြောင်း၊ အမေရိကန် ပြောင်းစိုက်ပျိုးသူ များအသင်းနှင့် အမေရိကန်ပဲပုပ်စိုက်ပျိုးသူများအသင်းမှ စီးပွားရေးပညာရှင်များ၏ လေ့လာမှု အရ အကယ်၍ အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားခဲ့ပါက ၂၀၁၈ ခုနှစ်၊ ဒေါ်နယ်ထရမ့် ၏ ပထမသမ္မတသက်တမ်းအတွင်း၌ ကြုံတွေ့ခဲ့ရသည့် စီးပွားရေးအရ ထိခိုက် ဆုံးရှုံးမှုများကို ဖြစ်စေနိုင်ကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသို့ အမေရိကန်နိုင်ငံ၏ ပဲပုပ်နှင့် ပြောင်းတင်ပို့မှုအများဆုံးနိုင်ငံဖြစ်ရာ အကယ်၍ တရုတ်နိုင်ငံက အမေရိကန်စိုက်ပျိုးရေးထုတ်ကုန်များအပေါ် သက်သာခွင့်ပေးသည့် အကောက် ခွန်နှုန်းများကို ပယ်ဖျက်ခဲ့လျှင် အမေရိကန်နိုင်ငံ၏ ပဲပုပ်တင်ပို့မှု တန်ချိန် (၁၆)သန်း၊ (၅၀) ရာခိုင်နှုန်းကျော်၊ ပြောင်းတင်ပို့မှုတန်ချိန် (၂.၂)သန်း၊ (၈၄) ရာခိုင်နှုန်းကျော် ကျဆင်းသွားမည် ဖြစ်ကြောင်း၊ လက်တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံက အကောက်ခွန်နှုန်းအသစ် ထပ်မံ သတ်မှတ်ကောက်ခံပါက ပို၍ဆုံးရှုံးနိုင်ခြေရှိကြောင်း၊ အမေရိကန်စိုက်ပျိုးရေးထုတ်ကုန်များ အတွက် ဈေးကွက်အသစ်များ ရှာဖွေရနိုင်ခြေရှိပြီး မက္ကဆီကိုနိုင်ငံသို့ စိုက်ပျိုးရေး ထုတ်ကုန် များကို အစားထိုးတင်ပို့နိုင်သော်လည်း အကယ်၍ ဒေါ်နယ်ထရမ့်သမ္မတ အစိုးရလက်ထက်တွင် မက္ကဆီကိုနိုင်ငံနှင့်လည်း ကုန်သွယ်မှု ပြတ်တောက်နိုင်သည့်အန္တရာယ်ရှိရာ မက္ကဆီကိုနိုင်ငံ ကလည်း အမေရိကန်မဟုတ်သည့် အခြား တောင်အမေရိကန်နိုင်ငံများမှသီးနှံများကို အစားထိုး ဝယ်ယူနိုင်သည်ဟု CoBank ၏ သီးနှံနှင့် ဆီထွက် သီးနှံများကို လေ့လာသည့်စီးပွားရေးပညာရှင် Mr. Tanner Ehmke က ဆိုကြောင်း၊ မက္ကဆီကို နိုင်ငံသည်လည်း အမေရိကန်နိုင်ငံထံမှ ပြောင်းများကို ဝယ်ယူသည့်နိုင်ငံဖြစ်ကြောင်း သိရှိရပါသည်။
အမေရိကန်နိုင်ငံက အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံခြင်းသည် တရုတ်နှင့် တောင်အမေရိက နိုင်ငံများအကြား ကုန်သွယ်ရေးကို ပို၍ခိုင်မာစေမည်ဖြစ်ကြောင်း၊ ဘရာဇီးလ်နိုင်ငံသည် တရုတ် နိုင်ငံနှင့် ကုန်သွယ်မှုကြောင့် အကျိုးအမြတ်များစွာရရှိခဲ့ပြီး ၎င်း၏စိုက်ပျိုးရေးကဏ္ဍမှာလည်း တိုးတက်လာခဲ့ကြောင်း၊ အကယ်၍ ဒေါ်နယ်ထရမ့်၏ ဒုတိယသမ္မတသက်တမ်းအတွင်း တရုတ် နိုင်ငံ နှင့် တစ်ကျော့ပြန်ကုန်သွယ်ရေးစစ်ပွဲ ပြန်လည်ဖြစ်ပွားပါက အမေရိကန်သီးနှံများအပေါ် တရုတ်နိုင်ငံ၏ဝယ်လိုအား ထိခိုက်နိုင်မည်ဖြစ်ကြောင်း၊ အကောက်ခွန်နှုန်း တိုးမြှင့်မှုသည် ဈေးနှုန်းတိုးလာခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ သို့ရာတွင် တရုတ်နိုင်ငံသည် လက်ရှိတွင် ပထဝီနိုင်ငံရေးတင်းမာမှုနှင့် ဈေးနှုန်းများမြင့်တက်မှုကြောင့် အမေရိကန်နိုင်ငံအစား အခြားနိုင်ငံ များထံမှ စိုက်ပျိုးရေးသီးနှံများ ပြောင်းလဲဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။
အမေရိကန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်နိုင်သည့်အလားအလာအပေါ် မူတည်၍ အမေရိကန်သမ္မတလောင်းများ၏ ရွေးကောက်ခံရနိုင်ခြေကို သုံးသပ်လျက်ရှိကြရာ သမ္မတ ရွေးကောက်ပွဲသည် (၆)ရက်သာ လိုတော့သည့်အချိန်တွင် အမေရိကန်သမ္မတလောင်းများ၏ ကုန်သွယ်ရေးနှင့် အကောက်ခွန်မူဝါဒတို့အပေါ် သုံးသပ်လျက်မှုများကို သတင်းဌာနများက ပိုမို အလေးထား ဖော်ပြလျက်ရှိကြပါသည်။ အကယ်၍ အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ ကုန်သွယ်ရေး စစ်ပွဲကြောင့် တရုတ်နိုင်ငံက အမေရိကန်မဟုတ်သည့် အခြားနိုင်ငံများထံမှ စိုက်ပျိုးရေးသီးနှံများဝယ်ယူရန်စဉ်းစားမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သကဲ့သို့ လက်ရှိတွင်လည်း စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့လျက်ရှိရာ ယင်းအခြေအနေကိုအသုံးပြု၍ မြန်မာ့ စိုက်ပျိုးရေးထုတ်ကုန်များ တရုတ်သို့ တိုးမြှင့်တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်နိုင်ရေး ကြိုတင် ပြင်ဆင်သင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
(ဇစ်မြစ်။ Wall Street Journal)
စီးပွားရေးသံမှူး၊ဝါရှင်တန်